နေပြည်တော် ဇန်နဝါရီ ၂၂

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော် ဘူးကွဲ ရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂရာဇာ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊  ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ အသီးသီးဆက်ကပ်ကြသည်။

 

ယင်းနောက် ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟိန်းသူအောင်(ပြန်/ဆက်)