ရန်ကုန် ဇူလိုင် ၂

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ပျဉ်းမနား - တောင်ညိုလမ်း၏ အနောက်ဘက် သုခတော်ဝင် အိမ်ရာအပိုင်း(၂)ရှိ လေးခန်းတွဲ လေးထပ်(အိပ်ခန်း နှစ်ခန်းပါ) 4U4S(2 Beds) တိုက်ခန်းများ လျှောက်ထားသူများအား မဲနှိုက်နေရာချထားခြင်းကို ဇူလိုင် ၁ ရက်က  ပြုလုပ်သည်။

 

တိုက်ခန်းများကို ၂၀၂၇ ခုနှစ် ဇွန်လတွင် အပြီး တည်ဆောက်ကာ ၂၀၂၇ ခုနှစ် ဇူလိုင်လတွင် တိုက်ခန်း ဝယ်ယူထားသူများထံ လက်ဝယ်အရောက် အပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိမ်ရာတည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ဆပ်ကော်မတီအတွင်းရေးမှူး၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူးက တိုက်ခန်းများ တည်ဆောက်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

နေပြည်တော်တွင်နေထိုင်သည့် ပြည်သူများအတွက် အိမ်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် နေပြည်တော်ကို Green  City ၊ Clean City ၊ Smart City အဖြစ် ဖော်ဆောင်ရာတွင် စနစ်တကျ ဖွံ့ဖြိုးတိုးတက်သောမြို့တော်တည်ဆောက်ရေးကို အထောက်အကူပြုရန် တို့ဖြစ်ကြောင်း၊ လိုအပ်သည့် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ အထောက်အကူပြုရေးအတွက် တိုက်ခန်းများ ဆောက်လုပ်၍ မဲနှိုက် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ သုခတော်ဝင်အိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်က ပြောကြားသည်။

 

လက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း (၂)ကို ဆောက်လုပ်ရာတွင် အင်ဂျင်နီယာစံချိန်စံညွှန်းများ၊ အရည်အသွေးထိန်းချုပ်မှုစနစ်များနှင့် သတ်မှတ်ထားသော ဆောက်လုပ်ရေးစံနှုန်းများနှင့်အညီ လုံခြုံစိတ်ချ ယုံကြည်စွာနေထိုင်နိုင်ရေး စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိပြီး တိုက်ခန်းများကို ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တာဝန်ခံမှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို အခြေခံ၍ မဲစနစ်ဖြင့် ခွဲဝေ ရောင်းချနိုင်ရန်ဖြစ်ကြောင်း၊ မဲစနစ်ဖြင့် ရွေးချယ်ဆောင်ရွက်ခြင်းမှာ လျှောက်ထားသူတိုင်းကို တန်းတူအခွင့်အရေးပေးသည့် နည်းလမ်း ဖြစ်ပြီး အများပြည်သူ၏ ယုံကြည်မှုကိုရရှိစေမည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ကြောင်း၊ ရရှိသည့်အိမ်ရာကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် ကြရန် ဆက်လက်ပြောကြားသည်။

 

သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိ တိုက်ခန်းများကို နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် ဘဏ်ချေးစနစ်ဖြင့် ဝယ်ယူလိုသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာဘဏ်တာဝန်ခံက ရှင်းလင်းပြောကြားပြီး တိုက်ခန်းလျှောက်ထားသူများအား Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ် တိုက်ခန်းများကို အစဉ်လိုက် မဲနှိုက် နေရာချထားပေးခဲ့ကြောင်းနှင့် ယနေ့တွင် လေးခန်းတွဲ လေးထပ် ( အိပ်ခန်းသုံးခန်းပါ) တိုက်ခန်းများကို လျှောက်ထားလာသူများအား Digital Spin မဲစနစ်ဖြင့် ဆက်လက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

MT