နေပြည်တော် မတ် ၁၅

 

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများအား ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)အကြောင်း သိကောင်းစရာနှင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို မတ် ၁၃ ရက် နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အမှာစကားပြောကြားပြီး ပြည်တွင်း အခွန်များဦးစီးဌာန သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးလှငွေက CEIR စနစ် အသုံးပြုခြင်းအားဖြင့် တင်သွင်းသူများက ကျသင့်အခွန်ကောက်များကို အွန်လိုင်းစနစ်အသုံးပြု၍ အလွယ်တကူပေးဆောင် တင်သွင်းနိုင်ခြင်း၊ အခွန်တိမ်းရှောင်မှုနှင့် တရားမဝင်တင်သွင်းခြင်းမှ တားဆီးကာကွယ်နိုင်ခြင်း၊ အများပြည်သူများမှ မိုဘိုင်းလက်ကိုင်ဖုန်း အတုများ ဝယ်ယူမိခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ နိုင်ငံတော်သို့ ဝင်ပေါက် အသီးသီးမှ တင်သွင်းလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများ၏ IMEI နံပါတ်များကို စိစစ်ပြီး မှန်ကန်မှအသုံးပြုခွင့်ပေးသည့်အတွက် လက်ကိုင်ဖုန်း ဈေးကွက်များ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှု မြှင့်တင်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ခြင်းနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)