ဇမ္ဗူသီရိ မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့် ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ် (၉၃၅)မှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းကာ အင်အား (၁၀၀) ဦးခန့်ဖြင့် ကျောင်းဝင်းအတွင်း ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမျက်စည်းလှည်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သန့်ရှင်းသာယာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)