ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၆) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
နည်းပညာရပ်များအား အစဉ်တစ်စိုက်လေ့လာ
အဆိုပါ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက သင်တန်းဖွင့်စကား ပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အနာဂတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအပေါ် ရင်ဆိုင်ကျော်လွှားနိုင်ရန်၊ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့များတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ခေတ်မီမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များအား အစဉ်တစ်စိုက်လေ့လာပြီး စဉ်ဆက်မပြတ် လေ့ကျင့်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate)ထုတ်ပေးခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ Online System ဖြင့် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေး နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မီးသတ်ဦးစီးဌာနရှိ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရိုင်နှင့် မြို့နယ်မီးသတ် ဦးစီးမှူးအဆင့်ရှိ တာဝန်ရှိသူများအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် ခေါ်ယူသင်ကြား လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၃၀ တို့ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလ အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၂၀ ရက်အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)


