ဇမ္ဗူသီရိ အောက်တိုဘာ ၂၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က အခြေခံ ပညာကျောင်းများ၏ သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာ ဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ပျဉ်းမနားခရိုင် ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးက သင်တန်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ချက်များအား လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းနိုင်က အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၀)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၂၀)ဦး တက်ရောက် ခဲ့ပြီး နည်းပြဆရာကြီး (၃) ဦးတို့က အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)