ဇမ္ဗူသီရိ ၂၉ စက်တင်ဘာ
(၅၅)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေလရောင်ပရဟိတနှင့် Good Vision Glasses တို့ ပူးပေါင်း၍ မျက်စိအခမဲ့ စမ်းသပ်ပေးပြီး မျက်မှန်များ အခမဲ့ တပ်ဆင်ပေးခြင်းကို ယနေ့နံနက် (၈:၀၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ ရွှေလရောင် ပရဟိတ အခမဲ့ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ရွှေလရောင်ပရဟိတ ဉက္ကဌ ဦးနေဝင်းအောင်နှင့် Good Vision Glassesမှ Director/Project Manager ဦးကောင်းစံတို့က မျက်စိအခမဲ့ စမ်းသပ်ပြီး မျက်မှန်များအခမဲ့ တပ်ဆင်ပေးခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ရွှေလရောင် ပရဟိတဉက္ကဌ ဦနေဝင်းအောင်က မျက်စိအခမဲ့ စမ်းသပ်ပေးပြီး မျက်မှန်များ အခမဲ့တပ်ဆင်ပေးခဲ့သည်မှာ ယခုဆိုလျှင် (၆)ကြိမ်မြောက်ရှိပြီဖြစ်ပြီး အသက်ကြီးပိုင်းတွေကို အဓိကရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ဆက်လက်၍ Good Vision Glassesမှ Director/Project Manager ဦးကောင်းစံကလည်း ရပ်ကွက်/ကျေးရွာများတွင် မျက်မှန်တပ်ဆင်ရန် လိုအပ်လျက်ရှိပါသော်လည်း ဝယ်ယူတပ်ဆင်နိုင်ခြင်း မရှိကြသည့် ချို့တဲ့သည့် လူများကို ကူညီပေးရန် ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် (၅)လအတွင်းတွင် မျက်မှန်ကိုင်းပေါင်း (၂၀၀၀)ကျော်အား လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့လှူဒါန်းမှုသည်(၁၆)ကြိမ်မြောက်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့နောက် မျက်စိလာရောက်စမ်းသပ်သူများအား Good Vision Glasses မှ မျက်စိအခမဲ့ စမ်းသပ်ပေးခြင်းနှင့် မျက်မှန်များကို အခမဲ့ တပ်ဆင်ပေးခဲ့ကြသည်။ အဆိုပါ မျက်စိအခမဲ့ စမ်းသပ်ပေးခြင်းနှင့် မျက်မှန်အခမဲ့ တပ်ဆင်ခြင်းကို နံနက်(၈:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ လူဦးရေ(၅၀၀)ကျော်ကို စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


