JMC-U ၏ (၁၇) ကြိမ်မြောက် အစည်းအဝေး(တတိယနေ့)ကျင်းပ

ရန်ကုန်  ၅  ဇူလိုင် 

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၇) ကြိမ်မြောက် အစည်းအဝေး(တတိယနေ့)ကို  ယနေ့ နံနက်  ၁၁ နာရီက ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရန်ကုန်ရုံး၌ ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးကို ဇူလိုင်လ ၃ ရက်မှ ၅ ရက် အထိ သုံးရက်ကြာကျင်းပခဲ့ပြီး အစည်းအဝေးတွင် JMC-S နှင့် JMC-L တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည့် အပြင်၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သား ကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန်အား ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ သင်တန်းလမ်းညွှန်များကို ဆွေးနွေးကာအတည်ပြုခြင်းနှင့် (၁၈)ကြိမ်မြောက် JMC-U အစည်းအဝေးကို လာမည့်စက်တင်ဘာလ ဒုတိယပတ်တွင် ကျင်းပနိုင်ရေးတို့အား လျာထားဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးသို့ JMC - U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်(ငြိမ်း)၊  JMC-U ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ ခေါင်းဆောင်များ၊ JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုင်းမျိုးသန့်နှင့် အရပ်သား ကိုယ်စားလှယ်များ၊ JMC-S နှင့် JMC-L တို့မှ ကော်မတီဝင်များ၊ နည်းပညာ အထောက်အကူပြုရုံး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ယနေ့ အစည်းအဝေးအပြီး ညနေပိုင်းတွင် JMC-U အတွင်းရေးမှူး (၂)ဗိုလ်မှူးကြီး ဝဏ်ဏအောင် နှင့် JMC-U ကော်မတီဝင် ဆလိုင်းယောအောင်တို့က သုံးရက်ကြာ အစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ၏ သိလိုသည့်မေးမြန်းချက်များအပေါ် JMC-U အတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က " ကျွန်တော်တို့ JMC ဟာ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းအောင်ဆောင်ရွက်ရမဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် သုံးနှစ်ခန့်ကြာ ကြားကာလ တိုးတက်မှုကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အစိုးရကြားမှာက ပစ်ခတ်တိုက်ခိုက်မှုတွေ သိသိသာသာ မရှိသလောက်ကို လျော့နည်းသွားတဲ့ အနေအထားကတော့ JMC ရဲ့တိုးတက်မှုပဲဖြစ်ပါတယ်။ လျော့ကျမှုကို ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်လျော့ကျ သွားပါတယ်။ ဒီလို JMC က တဖက်မှာ တိုးတက်အောင်မြင်အောင် လုပ်ဆောင်နေတဲ့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အနေနဲ့ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် အေးအေးချမ်းချမ်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ JMC လုပ်ငန်းတွေမှာစိန်ခေါ်မှုကတော့ သီးခြားမရှိပါဘူး။JMC သက်တမ်းကလည်း (၃) နှစ်ထဲမှာ ပဲရှိပါသေးတယ်။ နှစ်ပေါင်း ၆၀ ကျော်ပဋိပက္ခ တွေကိုဖြေရှင်းတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်တူဖို့ကတော့ အများကြီး ညှိနှိုင်းပြီးတော့ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်´´ ပြန်လည်ဖြေကြားသည်။ 

 

ထို့အပြင်  JMC အနေဖြင့် လာမည့် (၂၁ ရာစု ပင်လုံ)ညီလာခံ တွင် JMC အစီ ရင်ခံစာကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ  JMC-U ဒုတိယဥက္ကဋ္ဌ စောအိုင်းဇတ်ဖိုး က ဖက်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် JMC ၏ စတင်ဖွဲ့စည်းမှု၊ JMC ၏ရည်ရွယ်ချက်နှင့်အခြေခံမှုများ၊ JMC-S ရုံး (၅) ရုံးဖွဲ့စည်းမှု၊ ဒေသဆိုင်ရာ JMC-L ရုံး (၂) ရုံးဖွဲ့စည်းမှု၊ TSC ရုံးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် ယခင်ထက် တိုးမြင့်ဆောင်ရွက်နိုင်မှုများ ပါဝင်မည်ဖြစ်ကြောင်း၊ JMC ၏ ဘက်ဂျက်ငွေသည် UN မှတဆင့် လက်ခံဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ကုလသမဂ္ဂ အနေဖြင့် JMC ၏ SOP ၊ TOR  လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆန်းစစ်ရာတွင် JMC သည်ကုလ သမဂ္ဂ၏ ဆန်းစစ်ချက် အပေါ်လိုက်ပါဆောင်ရွက်နိုင်မှု (၇၀) ရာခိုင်နှုန်းကျော် ရှိနေကြောင်းနှင့် တိုးတက်မှုကို အသိအမှတ်ပြုကြောင်း၊  JMC ၏ ပြီးခဲ့သည့်နှစ် သုံးစွဲနိုင်မှုဘတ်ဂျက်သည် ဒေါ်လာ ၂ ဒဿမ ၄ သန်း သုံးစွဲနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၈ -၂၀၁၉ ခုနှစ်တွင်သုံးစွဲမည့် ဘတ်ဂျက်ကို ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် ဒေသခံ အရပ်သားစောင့်ကြည့်သူများ (LCM)များ ထပ်မံဖွဲ့စည်းသွားရန် ဆွေးနွေးထားကြောင်းလာမည့် ဘတ်ဂျက်သည် ယခင်နှစ်ထက်ပိုမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။  

 

``ကျွန်တော်တို့ JMC-S တို့ JMC-L ရုံးတွေကတော့ မြို့ပေါ်တွေမှာ ဖွဲ့စည်းထားတာပေါ့ တကယ် ပဋိပက္ခနေရာမှာ စောင့်ကြည့်တဲ့သူ ရှိဖို့လိုပါတယ်။ ဒီစဉ်းစားချက်နဲ့ အရပ်သားစောင့်ကြည့်သူ (LCM)ဆိုတာက သူကိုယ်တိုင် ပဋိပက္ခ ဒေသမှာ ရှိတဲ့အတွက် NCA စာချုပ်ပါအချက်တွေနဲ့ တပ်ပိုင်းဆိုင်ရာ နှစ်ဖက်လိုက်နာရမဲ့ ကျင့်ဝတ် COC ပါအချက်တွေပေါ့ ဒါတွေကို နှစ်ဖက်လက်နက်ကိုင်း အဖွဲ့အစည်းတွေကြားမှာဘယ်သူကချိုးဖောက်တာလဲ ဆိုတာကို သူ့အနေနဲ့စောင့်ကြည့်သွားရမှာပေါ့။ဒါ့အပြင် ပြည်သူလူထုကိုအကာအကွယ်ပေးရမဲ့ အချက်တွေ NCA မှာလည်းပါပါတယ်။ COC မှာလည်းပါတယ်ပေါ့ ဒါတွေကို ဒေသခံ အရပ်သားစောင့်ကြည့်သူ ကစောင့်ကြည့်မှာဖြစ်တဲ့အတွက် LCM တွေ ကို မြန်မြန်လေး ဖွဲ့စည်းနိုင်ဖို့ ဒီနေ့ဆွေးနွေးပွဲမှာလည်း ဆွေးနွေးကြပါ တယ်။ ဒါဟာ အရေးကြီးတဲ့စောင့်ကြည့်မှုဖြစ်ပါတယ်။ဒီစောင့်ကြည့်မှုတွေ အားကောင်းလာရင် JMC ရဲ့လုပ်ငန်းတွေဟာ ဒီထက်အောင်မြင်လာနိုင်မှာ ဖြစ်လို့ LCM တွေကို မြန်မြန်ဖွဲ့စည်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ဒါ့အပြင် JMC နဲ့ပတ်သက်ပြီး အရပ်သားတွေ ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ အရပ်သားတွေရဲ့ မျက်နှာစုံ ညီအစည်းအဝေးတွေကိုလည်း ကျင်းပပေးနေပါတယ်။" ဟု JMC-U အတွင်းရေးမှုး(၂)ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆိုသည်။

 

အလားတူ JMC-U ကော်မတီဝင် ဆလိုင်းယောအောင်က " ပထမဦးဆုံး အပစ်အခတ် ရပ်စဲပြီးတဲ့နောက်မှာ တိုးတက်မှုအရ ပြောမယ်ဆိုရင်တော့ နှစ်ဖက်ကြားထဲမှာ ထိတွေ့မှုတွေ မရှိသလောက်ပေါ့။ ဒါပေမယ့် ထိတွေ့မှုတွေ မရှိသလောက်ဆိုတာ ထိတွေ့မှုတွေ ရပ်သွားပြီလား ဆိုတော့ရပ်တဲ့အခြေအနေ မျိုးတော့မရှိသေးပါဘူး ။ အထူးသဖြင့်တော့ ကျွန်တော်တို့ RCSSနဲ့ တပ်ကြားထဲမှာ ထိတွေ့မှုတွေရှိနေတာတော့ရှိပါတယ်။ သို့သော်လည်း အရင်ထက်စာရင်တော့ နည်းသွားတယ်လို့ ပြောလို့ရပါတယ်။ စိန်ခေါ်မှုအနေနဲ့ ကြီးကြီးမားမား ပြောရမယ်ဆိုရင်တော့ အဓိကစိန်ခေါ်မှုကတော့ ထိတွေ့မှုတွေလုံးဝ မရပ်စဲနိုင်သေးတဲ့ အချိန်လို့ ပြောရမှာပေါ့။ နောက်တစ်ခု ကတော့ကျွန်တော်တို့ JMC ဆိုတာကလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ချောချောမွေ့မွေ့ ဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရတာပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့မျှော်မှန်းထားသလောက် မရောက်တဲ့အခါကျတော့ ကျွန်တော်တို့ကြားထဲမှာ လည်းအဲဒါဟာ စိန်ခေါ်မှုတစ်ခုလို့ ပြောချင်ပါတယ်"  ဟုပြောသည်။

 

ထို့အပြင် ဒေသခံအရပ်သား စောင့်ကြည့်သူ(LCM) များအဖြစ်ပါဝင်ခွင့်ကို TOR ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အရည်အချင်း သတ်မှတ်ချက်၊ မည်သည့်အချက်များကို စောင့်ကြည့်ရမည် ၊ စောင့်ကြည့်ရန် သင်ရိုးဇယားများရေးဆွဲထားပြီး ရွေးချယ်ခံရသူများကို သင်တန်းများပို့ချ သွားမညြ့်ဖစ်ကြောင်းနှင့် ကျေးရွာအုပ်စုတစ်ခုတွင် ပါဝင်နိုင်သူ ၅ ဦးထိဖွဲ့စည်းပြီး ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ ၎င်း တို့အနေဖြင့် JMC-S /JMC-L ရုံးများသို့ သတင်းပို့ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ LCM များ၏ စောင့်ကြည့်မှုသည် အောက်ခြေအထိ စောင့်ကြည့်သွားမည်ဖြစ်သဖြင့် အရေးပါကြောင်း၊  JMC တွင် ပါဝင်သောအရပ်သား ကိုယ်စားလှယ်များ၏ စတုတ္ထ အကြိမ် မြောက်မျက်နှာစုံညီအစည်းအဝေးကို ယခု ဇူလိုင်လ လယ်ပိုင်းတွင် တောင်ငူမြို့၌ ကျင်းပသွားရန်လျာထားကြောင်း၊ အဆိုပါ အစည်းအဝေးများမှတဆင့် အရပ်သားများ JMC အကြောင်း NCA အကြောင်းများကို နားလည်သွားခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် ပိုမိုအထောက်အကူပြုစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်