နေပြည်တော် ၉ ဇွန်
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) နှင့် ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ (Joint Peace Fund – JPF) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ခန်းမတွင် အစည်းအဝေး ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မေ ၁၉ ရက်တွင် အွန်လိုင်း Video conferencing ဖြင့် ပြုလုပ်ခဲ့သည့် အစည်းအဝေး၏ နောက်ဆက်တွဲဖြစ်ပြီး ယခင်အစည်းအဝေးထက် ပိုမိုအသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ကနဦးတွင် လက်ရှိ JPF ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး မကြာမီ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ရယူမည်ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr. Tim Enderlin က လက်ရှိဖြစ်ပေါ် တိုးတက်နေသည့် မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ၎င်း၏အမြင်ကို တင်ပြဆွေးနွေးကာ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
JMC-U ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာကိစ္စများ၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ကျင်းပမည့် ဆွေးနွေးပွဲများနှင့် ဖြစ်ပေါ်တိုးတက်လာနိုင်သည့် အခြေအနေများကို အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့ပြီး သံအမတ်ကြီး၏ သိလိုသည်များကိုပါ တစ်ပါတည်း ရှင်းပြခဲ့သည်။
ဆက်လက်ပြီး JMC-U အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အခြေအနေများနှင့် ၎င်း၏သုံးသပ်ချက်ကို အသေးစိတ်တင်ပြဆွေးနွေးခဲ့ပြီး မူဝါဒဆိုင်ရာကိစ္စများ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြားသည်။
ထို့နောက် JMC-U ကော်မတီဝင်အရပ်သားကိုယ်စားလှယ် ဦးမောင်မောင်ငြိမ်းက JMC မှ အကောင်အထည်ဖော်ရန်လျာထားသည့် ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များ ထားရှိခြင်း ပတ်သက်၍ ကျင့်သုံးမည့်နည်းနာများ၊ ပို့ချမည့်သင်တန်းလက်စွဲများ စသည်တို့ကို အနှစ်ချုပ် ရှင်းလင်းတင်ပြခဲ့ပြီး JPF ညွှန်ကြားရေးမှူး Mr. Paul F. Randolph က ဖြည့်စွက်တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ JMC-U ဘက်မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ(၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး၊ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်၊ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ ကော်မတီဝင်အရပ်သားကိုယ်စားလှယ် ဦးမောင်မောင်ငြိမ်းနှင့် နည်းပညာအထောက်အကူပြုရုံးအဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှတို့ တက်ရောက်ပြီး JPF ဘက်မှ ဒုတိယဥက္ကဋ္ဌ ဆွစ်ဇာလန်သံအမတ်ကြီး Mr. Tim Enderlin ၊ JPF Technical Secretariat Director, Mr. Paul F. Randolph၊ ဆွစ်ဇာလန်သံရုံးမှ Peace Advisor, Mr. Thomas Meier-Nidecker နှင့် JPF Technical Secretariat မှ Communication Coordinator, ဒေါ်မိုးမိုးဦးတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထက်လျှံ


