ဘားအံ ၃၀ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လမ်း/တံတား အသုံးပြုခ ကောက်ခံမှုနှုန်းထားများအား ဇွန်လ(၁)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့ထိ ၅၀ ရာခိုင်နှုန်း ဖြေလျှော့ ကောက်ခံသွားမည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်းရှိ တံတား(၄)စင်းတွင်လည်း လမ်းတံတားအသုံးပြုခနှုန်းထား ၅၀ ရာခိုင်နှုန်း ဖြေလျှော့ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်လမ်း ဦးစီးဌာနမှူးရုံးမှ သိရသည်။
ထိုသို့ လမ်း/တံတားအသုံးပြုခနှုန်းထားများ ဖြေလျှော့ ကောက်ခံရခြင်းနှင့်စပ်လျဉ်း၍ “လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုအပေါ်မှာ ဖြေလျှော့တဲ့အနေနဲ့ လမ်းဦးစီးဌာနက တာဝန်ပြီးတော့မှ လုပ်ကိုင်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ လမ်းဦးစီးဌာနပိုင် တံတား(၆၂)စင်းနဲ့ လမ်းဂိတ် (၂၄)ဂိတ် စုစုပေါင်း ၈၆ ခုကို လမ်း/တံတား အသုံးပြုခနှုန်းထားတွေ ၅၀ ရာခိုင်နှုန်း ဖြေလျှော့ ပေးသွားမှာဖြစ်ပါတယ်၊ ကရင်ပြည်နယ်အတွင်းမှာတော့ အေးကို ကုမ္ပဏီကနေ တာဝန်ယူကောက်ခံနေတဲ့ သံလွင်တံတား(ဘားအံ)၊ နောင်လုံ တံတား၊ လှိုင်ချောင်းတံတားနဲ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက တာဝန်ယူကောက်ခံတဲ့ ဒုံသမိတံတား စုစုပေါင်းတံတား (၄)စင်းကို လမ်း/တံတား အသုံးပြုခနှုန်းထား ဖြေလျှော့ ကောက်ခံပေးသွားမှာဖြစ်ပါတယ်၊ သက်ဆိုင်ရာ ရွှေသံလွင်နဲ့ အေးကိုကုမ္ပဏီတို့ကို အကြောင်းကြားထားပြီး ကရင်ပြည်နယ်မှာ ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်း တွေကိုလည်း အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ်” ဟု ဘားအံခရိုင်လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်သူလင်းက ပြောသည်။
သံလွင်တံတား(ဘားအံ)လမ်း/တံတား အသုံးပြုခကောက်ခံရေးတိုးဂိတ်တာဝန်ခံ ကိုတင်အောင်လင်းကလည်း “ဇွန်လ (၁)ရက် နေ့ကစပြီး လမ်း/တံတားအသုံးပြုခကို ၅၀ ရာခိုင်နှုန်း ဖြေလျှော့ ကောက်ခံသွားဖို့အတွက် ကျွန်တော်တို့ဘက်ကတော့ အသစ် ဖြေလျှော့ထားတဲ့ နှုန်းထားတွေကို လမ်း/တံတားအသုံးပြုသူတွေ သိနိုင်ဖို့အတွက် ဗီနိုင်းဆိုင်းဘုတ်ထောင်ဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်၊ ဥပမာအားဖြင့် ကုန်တင်ယာဉ်ကြီး(၂၂)ဘီးကားတွေကို အရင်က တစ်သောင်း တစ်ထောင်ကောက်ခံရာကနေ အခုဆို ငါးထောင်ငါးရာ ပြောင်းလဲကောက်ခံသွားမှာပါ၊ အကုန်လုံးကို တစ်ဝက်နှုန်းထား လျှော့ပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ကရင်ပြည်နယ်ကို မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းမကြီး ဖြတ်သန်းသွားပြီး ကုန်စည် စီးဆင်းမှုဒုတိယအများဆုံးဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်တို့ တည်ရှိနေခြင်းတို့ကြောင့် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးအတွက် နေ့စဉ်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိရာ လမ်း/တံတားအသုံးပြုခနှုန်းထားများ ဖြေလျှော့ ကောက်ခံပေးသွားမည့်အပေါ် ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု ဆောင်ရွက်နေကြသော ယာဉ်ကြီး၊ ယာဉ်ငယ်များအနေဖြင့် ပိုမိုသက်သာသော နှုန်းထားဖြင့် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ပြီး လမ်း/တံတားအသုံးပြုသူ ပြည်သူတို့၏ လူမှုစီးပွားဘဝများစွာကို အထောက်အကူပြုစေမှာဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


