ဇန်နဝါရီ ၂၀

ဇင်ဘာဘွေနိုင်ငံတစ်ဝန်းတွင်  မိုးရာသီစတင်ချိန်အောက်တိုဘာလမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူ ၇၈ ဦး ထက်မနည်းသေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ပြည်သူ့ကာကွယ်ရေးဌာန ဒီစီပီ (DCP) က ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀၆၈ လုံး၊ စာသင်ကျောင်း ၄၁ ကျောင်း၊ ကျန်းမာရေးဌာန ငါးခုနှင့် တံတား ငါးစင်း ပျက်စီးခဲ့ကြောင်း ဒီစီပီကပြောကြားခဲ့သည်။

အဓိက အဝေးပြေးလမ်းမကြီးများသည် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် လူများ၊ ကုန်ပစ္စည်းများနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ၏ သွားလာမှုကို နှောင့်နှေးစေခဲ့သည်ဟု ထိုဌာနကဆိုသည်။ နိုင်ငံအတွင်းဒေသအတော်များများရှိ မြို့ပြလမ်းအခြေခံအဆောက်အအုံများသည်လည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး လမ်းပေါင်းများစွာ ဖြတ်သန်းသွားလာ၍မရတော့ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းမှု ကြာရှည်ခြင်းကြောင့်လည်း လူသားနှင့် တောရိုင်းတိရစ္ဆာန် ပဋိပက္ခများ မြင့်မားလာခဲ့ပြီး မာ့စ်ဟွန်နာလန်အရှေ့ပြည်နယ်၊ စီကီခရိုင်ရှိ ရေကာတာတစ်ခုတွင် ရေမြင်းများ တိုးပွားလာခြင်းကြောင့် အန္တရာယ်ဇုန်တစ်ခု ဖြစ်လာခဲ့ပြီး အနီးနားရှိ ရပ်ရွာများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်ဟု ဒီစီပီ၏ပြောကြားချက်အရ သိရသည်။

ဇင်ဘာဘွေနိုင်ငံ၏ မိုးရာသီသည် အောက်တိုဘာလမှ မတ်လအထိဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရံဖန်ရံခါ မုန်တိုင်းများ ကျရောက်လေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို