ပေါင် ၁၅ ဇွန်
သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းရှိ ရေကူးကန်အတွင်း အမျိုးသားတစ်ဦး ရေးဆင်းကူးနေစဉ် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကျောက်သင်္ဘောအပန်းဖြေစခန်းတွင် ဇွန် ၁၄ ရက် ညနေ ၄ နာရီခန့်က သီဟမင်း(ခ)မိုးဒီ ၂၅ နှစ် ရွာတန်းရှည်ကျေးရွာ ပေါင်မြို့နယ်နေသူသည် ရေကူးကန်အကျယ်(၄၀)ပေ၊ အရှည်(၇၀)ပေ၊ အနက်(၅ပေ၊ ၁ လက်မခန့်)အတွင်း ရေဆင်းကူးရာ ၁ ပေပတ်လည်ခန့်ရှိ ရေထွက်ပေါက်ထဲသို့ ခြေချော်ကျခဲ့သောကြောင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ပြန်လည်ဆွဲထုတ်ရာ ကုန်းပေါ်သို့ ရောက်ရှိချိန်တွင် သတိလစ်နေပြီး မြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးခဲ့သဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ရေတံခွန်တွင် ဇွန်လ ၈ ရက်နေ့က အမျိုးသားသုံးဦးရေစီးကြောင်းဖြင့် မျောပါကာ သေဆုံးမှုဖြစ်ပွားခဲ့ရာ မျောပါသေဆုံးသူသုံးဦးအနက် တစ်ဦး၏ ရုပ်အလောင်းသာ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်၂ ဦးမှာ ယနေ့အချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဆွေထံမှ သိရသည်။
ကိုဟိန်း(ပေါင်)