ပေါင် ၁၆ ဧပြီ
မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးဖြစ်ပေါ်မှု မရှိစေရန်အတွက် ဇင်းကျိုက်မြို့ရှိ ဗိုလ်ချုပ်ဈေးကိုခေတ္တပိတ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောက်သင်္ဘောရေတံခွန် ဘောလုံးကွင်း သို့ ယာယီပျံကျဈေး ပြုလုပ်ရောင်းချခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရန် ဗိုလ်ချုပ်ဈေး ခေတ္တပိတ်ထားချိန် ပျံကျဈေးသည်များ ဈေးရောင်းချရာမှာ အခက်အခဲ မရှိစေရန် မြို့မိမြို့ဖများနှင့့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ပျံကျဈေးကို ပြောင်းရွှေ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဇင်းကျိုက်မြို့ အုပ်ချုပ်ရေးမှူး ဦးငွေတိုးအောင် ထံမှ သိရသည်။
“စည်ပင်ကနေပြီးတော့ ဇင်းကျိုက်မှာရှိတဲ့ ဗိုလ်ချုပ်ဈေးကို ပိတ်မယ်ဆိုတော့ မြို့မိမြို့ဖအဖွဲ့တွေရယ်၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရယ်၊ ဌာနဆိုင်ရာတွေနဲ့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ဒီနေရာကို အစည်းအဝေး ဆုံးဖြတ်ချက်အရ အတည်ပြုလိုက်တယ်၊ မနက် ၄ နာရီကနေ ၁၀ နာရီထိ ပျံကျဈေးကို ဒီနေရာမှာ ဖွင့်မှာပေါ့၊ အခုနေရာကတော့ ၃၀၀ ကျော်တယ်၊ လက်ရှိစာရင်းအရ ဆိုင်ခန်းပေါင်း ၂၉၆ ဆိုင်ကျော်လောက် ရှိတယ်၊ အမျိုးအစားတွေတော့ ခွဲခြားထားတယ်၊ သားငါးရယ်၊ ကုန်စိမ်းရယ်၊ ကုန်ခြောက်ရယ်၊ အခြားရယ် လေးမျိုးပေါ့၊ တစ်နေရာနဲ့ တစ်နေရာကိုတော့ ၆ ပေအကွာအဝေးရှိတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါယာယီပျံကျဈေးတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအတွက် ဒေသခံလူငယ်အဖွဲ့တွေက ဈေးအဝင်ဝတွေမှာ လက်ဆေးဘေစင် ထားရှိပေးထားသည့်အပြင် နှာခေါင်းစည်းများကိုလည်း အခမဲ့ ဝေငှပေးသွားမယ်လို့ ဦးငွေတိုးအောင်က ဆက်လက်ပြောသည်။
“အဝင်ဝနေရာတွေကိုတော့ ဈေးထဲဝင်ရင် Mask တပ်ရမယ်လို့ အသိပေးဗီနိုင်းလေးတွေ ထောင်ထားမယ်၊ ဝယ်ရောင်းသူအကုန်လုံးက Mask တပ်မှ ဝယ်ရောင်းရမယ်ပေါ့၊ အဲလိုမလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ အဖွဲ့စုံနဲ့ စစ်ဆေးနေမှာပါ။ အဝင်ဝမှာပဲ ဇင်းကျိုက်က လူငယ်အဖွဲ့တွေက ဘေစင်နှစ်ခု လှူဒါန်းပေးမယ်။ နောက်ပြီး ဇင်းကျိုက်တွဲလက် လူငယ်အဖွဲ့ကပဲ ဝယ်ရောင်းတဲ့သူ အကုန်လုံးကို Mask တွေ အခမဲ့ ဖြန့်ဝေပေးမှာပါ” ဟု ၎င်းက ပြောသည်။
ပျံကျဈေးသည်များအတွက် ရေအခက်အခဲ မဖြစ်စေရေးကို ရေကန်ထားရှိပေးထားမည်ဖြစ်ပြီး တစ်နေ့စာ အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့အတွက်လည်း စည်ပင်ဌာနက တာဝန်ယူသိမ်းဆည်းပေးမှာ ဖြစ်တယ်လို့ သိရသည်။
ကိုဟိန်း(ပေါင်)