ဇင်းကျိုက်  စက်တင်ဘာ ၂၅ 

 

မွန်ပြည်နယ် ပေါင်မြို့နယ်  ဇင်းကျိုက်မြို့ရှိ ပျံကျဈေးရောင်းချနေသူများအနေဖြင့် တရားဝင် ဈေးဆိုင်ခန်းများ မရှိသေးခြင်းကြောင့်  လမ်းကြိုလမ်းကြားများမှာသာ ရောင်းချနေရသည့်အတွက် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေရ ကြောင်း ပျံကျဈေးရောင်းချသူတွေထံမှ သိရသည်။

 

“ကျွန်မတို့ ဒီမှာရောင်းလာတာ(၁၀)နှစ်ရှိနေပြီ။ ဈေးကောက်ခ တစ်နေ့ ၃၀ဝ ပေးရတယ်။ အခုလိုလမ်းကြား တွေထဲက သူများအိမ်ရှေ့မှာ ရောင်းနေရတော့ ဘယ်အချိန်သူတို့မောင်းထုတ်မလဲ ဆိုတာကိုဘဲ ကြောက်နေရတယ်။ တကယ်လို့ စည်ပင် က တရားဝင်ဆိုင်ခန်းဆောက်ပေး မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။” ဟု နေ့စဉ်ပန်းရောင်းချနေသူ ဒေါ်ညွန့်ခင်မှ ပြောသည်။

 

၇

 

ဇင်းကျိုက်မြို့ရှိရပ်ကွက်တွေ၌ရောင်းချနေသည့်ဈေးသည်များအနေဖြင့် ယခင်က ဗိုလ်ချုပ်ဈေး တစ်ခုတည်းကိုသာ မှီခိုအားထားရောင်းချခဲ့ရာက လက်ရှိတွင်လူနေရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချနေမှုများကြောင့် တစ်ခါတစ်ရံ အချင်းများခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ ဈေးကောက်နှုန်း ထားမြင့်တက်ခြင်းများကြောင့် အခက်အခဲများ နှင့်ရင်ဆိုင်နေကြရသည်။

 

“ကျွန်တော်တို့အနေနဲ့ ပျံကျဈေးသည်တွေ စည်းကမ်းတကျဈေးရောင်းချနိုင်ဖို့နဲ့ ပျံကျဈေးဆိုင်ခန်းတွေ တည်ဆောက်ဖို့ကိုလည်း စီစဉ်ထားပါတယ်။ လာမယ့်ဘဏ္ဍာနှစ်အတွင်းမှာ တည်ဆောက်နိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်နေပါတယ်။” ဟု ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး ကပြောသည်။

 

ဇင်းကျိုက်မြို့ရှိ လမ်းဘေးဈေးကောက်လုပ်ငန်းလိုင်စင် လေလံအောင်မြင်ခဲ့သူများမှ ဗျတ်ထိုး ဈေးသည်တစ်ဦးလျှင် ငွေကျပ်၁၀ဝမှ ၃၀ဝကျပ်အထိကောက်ခံလျှက်ရှိကြောင်း ပြောဆိုခဲ့ပေမယ့် လက်ရှိမှာ ပျံကျ ဈေးသည်များမှ တစ်ဦးလျှင် အနိမ့်ဆုံးငွေကျပ်၃၀ဝမှ ၂၀ဝ၀ကျပ်ဝန်းကျင်အထိပေးဆောင်နေရကြောင်း ပျံကျဈေးရောင်းချသများထံမှ သိရသည်။

 

“ကျွန်မတို့က ဈေးကို အိမ်ကျိုအိမ်ကြားတွေမှာရောင်းရတာမျိုးမလိုချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှင် တွေနဲ့ သဟဇာတမမျှဘူးလေ။ ကျွန်မတို့ကမိသားစုဝမ်းရေးအတွက် မရှိလို့ဈေးရောင်းစားတာ အိမ်ရှင်တွေဘက်က ကောက်ခံတဲ့ငွေက တစ်အားများနေတယ်။ ဈေးကောက်ခလည်း တစ်နှစ်ထက်တစ်နှစ်ပိုများလာတော့ ကိုယ့်အတွက်က စာရင်းချုပ်လိုက်ရင်ဘာမှသိပ်မကျန်တော့ဘူး။ နောက်ပြီးအဝေးကနေ ဒီဈေးမှာလာရောင်းရတာဆိုတော့ ဈေးဆိုင်ခန်းရှိတယ်ဆိုရင် တစ်ချို့ပစ္စည်းတွေကိုဆိုင်ထဲမှာ သိမ်းခဲ့လို့ရတာပေါ့။ ဒါကြောင့် မြို့နယ်စည် ပင်က ဈေးသူဈေးသားတွေအတွက် တရားဝင်ဈေးဆိုင်ခန်းတွေဆောက်ပြီး ရောင်းပေးမယ်ဆိုရင်အခုလိုပြဿ နာတွေလည်း ရှိမှာမဟုတ်သလို ကျွန်မတို့အနေနဲ့လည်း ထိုက်သင့်ငွေကြေးပေးသွင်းပြီး ဝယ်ယူရောင်းချသွား မှာပါ။” ဟု မုတ္တမမြို့မှဈေးလာရောက်ရောင်းချသူ မတင်တင်မော်မှပြောသည်။ 

 

ဇင်းကျိုက်မြို့တွင် ပျံကျဈေးရောင်းချနေသည့်ဈေးသည်များအနေဖြင့် လက်ရှိတွင် လူနေရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချနေရ၍ လူနေအိမ်အနီးအနားများတွင်လည်း အမှိုက်စွန့်ပစ်မှုများမြင့်တက်နေခြင်းကြောင့် မြို့ကိုလည်း ရုပ်ဆိုးအကျည်းတန်နေစေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

 

နေခြည်(ဇင်းကျိုက်)