ဇင်းကျိုက်  စက်တင်ဘာ ၂၅

 

ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချရာတွင် မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ဇင်းကျိုက် ရေတံခွန်အပန်းဖြေစခန်း၏ ယာဉ်ရပ်နားကောက်ခံရေး လုပ်ငန်းအတွက် ဈေးပြိုင်လေလံဆွဲမယ့်သူမရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

 

လာမယ့်ဘဏ္ဍာနှစ်အတွက် ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်း၏ ယာဉ်ရပ်နား ကောက်ခံရေးလုပ်ငန်း အတွက် ဈေးပြိုင်လေလံကျန်ရှိရခြင်းမှာ နှစ်စဉ်လေလံကြမ်းခင်းဈေးမြင့်တက်ခြင်း၊ အခြားရေတံခွန်များ ပေါ်ပေါက်လာခြင်းကြောင့် လာရောက်လည်ပတ်သူနည်းပါးလာရခြင်းနှင့် ယခုနှစ် ရာသီဥတုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရခြင်းတို့ ကြောင့်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၏ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ပြောသည်။

 

“လာမယ့်နှစ်အတွက်မြို့နယ်ထဲမှာရှိတဲ့ အရပ်ရပ်အခွင့်အရေးလိုင်စင် ၃၅ခုကို စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ဈေးပြိုင်လေလံစနစ်နဲ့ရောင်းချခဲ့တာပါ။ အဲ့ဒီထဲမှာ ရေတံခွန် ယာဉ်ရပ်နား ကောက်ခံရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခဲ့တာ ၃ကြိမ်ရှိပါပြီ။ ဒီနေ့အထိ လျှောက်လွှာလာတင်တာမရှိသေးလို့ လာမယ့်စက်တင်ဘာလ ၂၇ရက်နေ့မှာ အိတ်ပိတ်စနစ်နဲ့အခြားနည်း ရောင်းချခြင်းကို တစ်နေ့ထဲမှာပြုလုပ်သွားမှာပါ။ အဲ့ဒါမှအဆင်မပြေ ရင် အခြားနည်းရောင်းချရာမှာ သူတို့တွေပေးလာတဲ့ဈေးနှုန်းကို ပြည်နယ်အဆင့်ထိတင်ပြပြီး ညွှန်ကြားချက် အတိုင်းဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု၎င်းကဆက်လက်ပြောသည်။

 

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ကျောက်သင်္ဘောအပန်းဖြေစခန်းသည် နှစ်စဉ်ဝါဆိုလမှစပြီး သီတင်းကျွတ်လပြည့်နေ့အထိ အပန်းဖြေလာရောက်သူသိန်းချီရှိခဲ့ရာမှ ၂၀၁၈ခုနှစ်၊ လလယ်ပိုင်းမှစပြီး ဆင်ရွာရေတံခွန်၊ တမောင်းပန်ရေတံခွန်နှင့် ဘန့်ဘွေးကုန်းကြိုးတံတား ရေတံခွန်များ ပေါ်ပေါက်လာခြင်းကြောင့် ဇင်းကျိုက်ရေတံခွန်သို့ လာရောက်အပန်းဖြေ လည်ပတ်သူလျော့နည်းလာရခြင်းဖြစ်ကြောင်း သိရသည်။

 

“အဓိကက ပေါင်မြို့နယ်ထဲမှာတစ်ခြားရေတံခွန်တွေပေါ်လာလို့ ဇင်းကျိုက်ရေတံခွန်ကိုလာရောက်လည်ပတ်သူ နည်းသွားတာပါ။ နောက်ပြီးအဲ့ဒီရေတံခွန်တွေမှာက အပန်းဖြေလာရောက်သူတွေ နေထိုင်ဖို့အတွက် ပြင်ဆင်မှု တွေလည်းလုပ်နိုင်တော့ လူသွားများတာပေါ့။ ဒီမှာက အဲ့လိုလုပ်ပေးမယ့်သူကလည်းမရှိဘူး။ ဒါကြောင့်ရေတံခွန် ကိုသန့်ရှင်းလှပအောင်ပြုပြင်မှုတွေလုပ်ဆောင်နိုင်ရင်တော့ ဒီထက်ပိုပြီးလာရောက်လည်ပတ်သူလည်းများလာ မှာဖြစ်သလို မြို့လည်းတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်တယ်။” ဟု ရေတံခွန်လေလံနှစ်စဉ်အောင်မြင်လုပ်ကိုင်ခဲ့သူ ဦးသန့်ဇင်ဌေးက ပြောသည်။

 


ဇင်းကျိုက်ရေတံခွန်ယာဉ်ရပ်နားကောက်ခံရေးလုပ်ငန်း၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက် လေလံတင်ရောင်းချ ရငွေ ၁၆၅၈၅၀ဝ၀ကျပ်ရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေးအဖြစ် ၁၇၄၁၄၃၀ဝ ကျပ်ကို လေလံတင်ရောင်းချထားကြောင်း သိရသည်။

 

နေခြည်(ဇင်းကျိုက်)