၂ ဖေဖော်ဝါရီ
မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြင့်သည့် ဇန်နဝါရီလအတွက် MNL တစ်လတာအကောင်းဆုံးဆုကို ဟံသာဝတီအသင်းနည်းပြချုပ်ဦးမျိုးမင်းထွန်းနှင့် တိုက်စစ်မှူး ဒိုနယ်ဘစ်ဆာတို့ ရရှိခဲ့သည်။
ယင်းဆုများကို ဖေဖော်ဝါရီ ၂ ရက်က ပဲခူးကွင်း၌ကျင်းပသည့် ဟံသာဝတီ- Southern ပွဲမတိုင်မီ ချီးမြင့်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုရ ဦးမျိုးမင်းထွန်းအား ဆုတံဆိပ်နှင့် ကျပ်တစ်သိန်း၊ အကောင်းဆုံးကစားသမားဆု ဒိုနယ်အား ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်းခွဲ ပေးအပ်ချီးမြင့်သည်။ ယခုဆုများကို ဇန်နဝါရီတွင် ကစားခဲ့သည့်သုံးပွဲအပေါ် တွက်ချက်ချီးမြင့်ခြင်းဖြစ်ပြီး ဟံသာဝတီအသင်းသည် သုံးပွဲကစား သုံးပွဲစလုံး အနိုင်ရပြီး ထိပ်ဆုံး၌ ဦးဆောင်နိုင်သောကြောင့် ဦးမျိုးမင်းထွန်းက အကောင်းဆုံးနည်းပြဆု ရခဲ့ခြင်းဖြစ်သည်။ ဒိုနယ်မှာမူ ယင်းသုံးပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့်အပြင် သုံးဂိုးသွင်းယူနိုင်သောကြောင့် အခြားကစားသမားများကို ကျော်ဖြတ်ကာ အကောင်းဆုံးဆုရခဲ့ခြင်းဖြစ်သည်။

လအလိုက်အကောင်းဆုံးဆုများကို လစဉ်ချီးမြင့်မည်ဖြစ်ပြီး တစ်လအတွင်း နှစ်ပွဲအောက်သာ ကျင်းပနိုင်ပါက နှစ်လပေါင်း၍ ချီးမြင့်မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MNL