စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နှင့် ၄၁ မိုင်ကွာဝေးသော သဘာ၀သစ်ပင် သစ်တောကြီးများ၏ အလယ်တွင်ရှိပြီး ထူးခြားထင်ရှားသည့် အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေးဘုရားဖူး ရာသီလမ်း ဖွင့်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ် ကပိုင်စံပြကျေးရွာ၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

 

မုံရွာမြို့မှ မိုင် (၅၀) ကျော်ကွာဝေးပြီး ယင်းမာပင်မြို့မှ (၄၁) မိုင် ကွာဝေးသော အလောင်းတော်ကဿပဘုရားသို့ မုံရွာ-ယာကြီး-ကလေး၀-တရော်ကျင်းလမ်းခွဲမှတစ်ဆင့် ကပိုင်လမ်းဆုံအထိလည်းကောင်း၊ မုံရွာ-ယင်းမာပင်-လည်ငေါက်-ကပိုင်လမ်းမှ လည်းကောင်း၊ မုံရွာ-ယင်းမာပင်-ကုန်းရွာ-ကပိုင်လမ်းမှလည်းကောင်း၊ မုံရွာ-ဇီးတော-ကပိုင်လမ်းတို့မှ လည်းကောင်း သွားရောက် ဖူးမြော်နိုင်သည်။

 

အဆိုပါ ဘုရားလမ်းသည် ၂၀၁၉ ဇန်နဝါရီ ၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ  မိုးတွင်းအခါများ၌ မြေသားလမ်းများ ပျက်စီးခဲ့သည့်အတွက် ယခုအခါ အလောင်းတော်ကဿပဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့များ၊ အမျိုးသားဥယျာဉ်မှ တာ၀န်ရှိသူများပူးပေါင်း၍ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အလောင်းတော်ကဿပသို့ နှစ်စဉ် ဘုရားဖူးရာသီဖြစ်သော ဒီဇင်ဘာလမှ ဧပြီလ ကုန်အထိ (၅) လတာကာလအတွင်း မြန်မာနိုင်ငံ အရပ်ရပ်မှ ရဟန်းရှင်ပြည်သူများနှင့် ပြင်ပနိုင်ငံများမှ နိုင်ငံခြားသား ဘုရားဖူးဧည့်သည်များ၊ ဒေသန္တရ ဗဟုသုတ လေ့လာရှာမှီးလိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

မေဇင်မိုး