ဇန်နဝါရီတတိယပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်း အပြီးတင်ပို့မည်

ရန်ကုန် ဒီဇင်ဘာ ၂၈

 

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ပိုလျံသော မြန်မာ့ဆန်များကို ပြည်ပဝယ်လိုအားအရ ဘင်္ဂလားဒေ့ရှ်နိုင်သို့ တင်ပို့လျက်ရှိရာ G to G စာချုပ်အရ တင်ပို့ရမည့် ဆန်တန်ချိန် (၂) သိန်းတွင် တင်ပို့ရန်ကျန်ရှိသော ဆန်များကို ရန်ကုန်ဆိပ်ကမ်းနှင့် ပုသိမ်စက်မှု မြို့တော် ဆိပ်ကမ်းတို့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်အတွင်း အပြီးသတ် တင်ပို့သွား မည်ဖြစ်ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်တွင် ပထမဆုံးသင်္ဘော MCL -7 ဖြင့် ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်၍ စတင်တင်ပို့ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ရှစ်စီးမြောက် သင်္ဘောဖြစ်သည့် MCL-7 ဖြင့် ဆန်တန်ချိန် ၂၆၅၀ ကို တင်ပို့ခဲ့ရာ ပုသိမ်ဆိပ်ကမ်းမှ ဆန်တန်ချိန် ပေါင်း ၂၁၁၂၅ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခဲ့ပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့သွားမည်ဖြစ်ပြီး လက်ရှိတန်ချိန် တစ်သိန်းခြောက်သောင်းကျော် တင်ပို့ထားကာ တင်ပို့ရန် ကျန်ရှိသောဆန်များကို ဒီဇင်ဘာ (၂၈) ရက်နောက်ပိုင်းတွင် ရန်ကုန်ဆူး လေဆိပ်ကမ်းနှင့် ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်းမှလည်းကောင်း၊ ပုသိမ်စက်မှု မြို့တော် ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့မှလည်းကောင်း အရည်အသွေးမီ ဆန်များကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ဆန်တင်ပို့ခွင့် ရရှိသောကြောင့် ဆန်တင်ပို့သော ကုမ္ပဏီများအနေဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ သယ်ဆောင်ရမည့် ကုန်ကျစရိတ်များစွာ သက်သာစေခဲ့ပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်း ( Ayeyarwaddy International Industrial Port) အသက်ဝင်မှုဖြင့် ဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ဒေသခံများ စီးပွားရေးအခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

 

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဒီဇင်ဘာ ၂၁ ရက်က ရှစ်စီးမြောက်ထွက်ခွာသွားသော MCL-7 ဆန်တင်သင်္ဘောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ CHATTOGRAM ဆိပ်ကမ်းတွင် ဒီဇင်ဘာ ၂၆ ရက် ညပိုင်း၌ ဆန်များကိုချလျက်ရှိသည်။ မြန်မာနိုင်ငံမှ ဆက်လက်တင်ပို့ရန် ကျန်ရှိသည့် ဆန်တန်ချိန် သုံးသောင်းကျော်အနက် ရန်ကုန်ဆူးလေဆိပ်ကမ်းမှ တင်ဆောင်မည့် ဆန်တင်သင်္ဘောမှာ ပင်လယ်ဝတွင် ရောက်ရှိလျက်ရှိပြီဖြစ်သည်။ ပို့ကုန်ဆန်များရောက်ရှိပါက ဆူးလေဆိပ်ကမ်းသို့ ဝင်ရောက်မည်ဖြစ်သည်။ ပုသိမ်စက်မှုဆိပ်ကမ်းမှတင်ပို့မည့် ဆန်တန်ချိန်ရှစ်ထောင်ကျော်အတွက် သင်္ဘောသုံးစင်းနှင့် စစ်တွေဆိပ်ကမ်းမှ သင်္ဘောတစ်စင်းတို့ဖြင့် ဧည့်မထ ၅မတ်ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်တင်ပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဓာတ်ပုံ -ကနူး

ညိမ်းသူ (သတင်းစဉ်)