ရေတာရှည် ၂ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် တောင်ပေါ်ဒေသရှိ ကျေးရွာပေါင်းများစွာသည် လမ်းပန်းဆက်သွယ်မှု အခက်အခဲကြောင့် ဒေသဖွံ့ဖြိုးမှု နောက်ကျလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ဝ ဖြင့် တံတားလေးစင်းအပါအဝင် တစ်ကြောင်းထိုး မြေသားလမ်းအဖြစ် ၁၈ မိုင် ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကနွဲ့ချောင်း၊ ပိန္နူချောင်းအထိ အရှည် ၁၁ မိုင် ၄ ဖာလုံကို ကျောက်ရေမြေသားလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်း၊ ရေငန်းအုပ်စု၊ ဇရဲပေါက်ကျေးရွာမှစတင်၍ တောင်ပေါ်ဒေသများကိုဖြတ်ကာ မရိုးခုံ-ကြံသနွယ်ကျေးရွာ စကွေးသစ်ထုတ် ကားလမ်းအထိ အရှည် ၃၈ မိုင်အား လျာထားဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဖောက်လုပ်မှာက အရှည် ၃၈ မိုင်၊ ဒီနှစ်ရတဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၀ဝ နဲ့ တံတားလေးစင်း အပါအဝင် တစ်ကြောင်းထိုးမြေသား လမ်း ၁၈ မိုင် ဖောက်လုပ်ပြီးသွားပါပြီ။ တင်ဒါအောင်မြင်တဲ့ ပန်းသီကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်တာဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါတောင်ပေါ်ဒေသနေ ကျေးရွာများနှင့်အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းမရှိသည့်အတွက် လူမှုဘဝဖွံ့ဖြိုးမှုများစွာ နောက်ကျခဲ့ရပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံများတွေ့ဆုံစဉ် ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို အဓိကထား တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြောင်သာကျေးရွာဒေသခံတစ်ဦးက ပြောသည်။

 

“မရိုးခုံရွာကို အရင်က ကယ်ရီငှားပြီးသွားရင် သုံးသောင်းခွဲပေးရတယ်။ အခု မရိုးခုံ-ရေတာရှည်လိုင်းကား ပြေးဆွဲလိုက်တော့ တစ်ဦးမှ ၅၀ဝ၀ ကျပ်ပဲ ကုန်တော့တယ်”ဟု လုံးရမ်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

 

မရိုးခုံကျေးရွာသည် ရေတာရှည်မြို့အနောက်ဘက် ရိုးမတောအတွင်း ၂၆ မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲသည့်ကျေးရွာဖြစ်ကာ ယခုအခါ တောင်ပေါ်လမ်းပိုင်းများ ဖောက်လုပ်လျက်ရှိပြီဖြစ်၍ ခရီးသည်တင်လိုင်းကားဖြင့် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ကားလမ်း ၁၅ မိုင် ဇရဲပေါက်ကျေးရွာမှတစ်ဆင့် မိမိတို့သွားလိုသော မြို့များကို သွားလာနိုင်ကြပြီဖြစ်သည်။ 

 

ကိုလွင်(ဆွာ)