တောင်ငူ ၂၃ ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဉီးမျိုးအောင်စံနှင့် ထန်းတပင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဉီးထူးကိုကိုတို့သည် ဒီဇင်ဘာလ ၂၁ရက် နံနက်ပိုင်းက ထန်းတပင် မြို့နယ်  (33/11 KV) (5MVA) ဇရပ်ကြီး ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှုနှင့် ဓါတ်အားစတင် ထုတ်လွှတ်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ 

အဆိုပါ ဓာတ်အားခွဲရုံကို ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာတွင် လျှပ်စစ်ဓါတ်အား အပြည့်အဝ ရရှိရေးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ချေးငွေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ (33 KV) ဓါတ်အားလိုင်းတည်ဆောက်ခြင်း၊ (5MVA) ဓါတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် တာဝန်ရှိဌာနဆိုင်ရာများ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် တောင်သူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ရ‌ပြီး ယခုအခါ ဓါတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ  ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့ရှိ  (10)MVA ဓါတ်အားခွဲရုံမှ ‌မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာများအတွက် ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး ယခုအခါ (5)MVA ဇရပ်ကြီး ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးသဖြင့် ထန်းတပင် မြို့မှ  (၁၂)မိုင်ခန့်ကွာဝေးသော ဇရပ်ကြီးကျေးရွာအထိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာတွင် ဓာတ်အား ပျောက်ဆုံးမှု ရာခိုင်နှုန်း လျှော့ချပေးနိုင်ခြင်း၊ ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စု  ၂၄၀၀ ခန့် လျှပ်စစ်မီး ရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာ(၁၁၇)ရွာရှိရာ ဇရပ်ကြီး ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးသည့်အတွက် မြို့နယ်အတွင်းရှိ   အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း NEP Phase- 2 တွင် ပါဝင်သည့် ကျေးရွာ(၃၈)ရွာ မီးလင်းနိုင်ရေးရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊  ၂၀၂၁ခုနှစ်တွင် ထန်းတပင်မြို့နယ် အတွင်း (၉၅)ရာခိုင်နှုန်းခန့် မီးလင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)