မော်စကို ၈  ဇွန်

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ပြောင်းလိုသည့် ရုရှားနိုင်ငံက ဇူလိုင် ၁၅ ရက်တွင် နိုင်ငံတကာ လေကြောင်းခရီးသွားလာမှု ပြန်လည်စတင်ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

 

ရုရှားနိုင်ငံက ကိုရှိနာဗိုင်းရပ်စ် ကူးစက်ရောဂါကာလ မတ်လနှောင်းပိုင်းတွင် နိုင်ငံတကာလေကြောင်းခရီးစဉ် အားလုံးနီးပါး ရပ်ဆိုင်းခဲ့ပြီး ပြည်ပရှိ ရုရှားနိုင်ငံသားများ ပြန်လည် ခေါ်ဆောင်သည့် အထူးခရီးစဉ်များနှင့် အစိုးရက တရားဝင် ခွင့်ပြုသည့်အခြား လေကြောင်းခရီးစဉ်များကိုသာ ခွင့်ပြုခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၄၇၆၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရုရှားနိုင်ငံက ကြေညာခဲ့ရာ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါကပ်ဘေး တတိယ အများဆုံး ခံရသည့် နိုင်ငံဖြစ်လာခဲ့သည်။ ။

 

ရုရှား ဖက်ဒရယ်လေကြောင်း ပို့ဆောင်ရေးအေဂျင်စီက ငါးပတ်အတွင်း နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်စတင်မည့် အဆိုပြုချက်ကို စားသုံးသူ အကာအကွယ်ပေးမှု စောင့်ကြည့်ရေးအဖွဲ့ထံ ပေးပို့ရန် စီစဉ်နေသည်ဟု တက်စ် သတင်းဌာနက အမည်မဖော်လိုသည့် သတင်းရပ်ကွက်များကို ကိုးကား၍ ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ဖြေလျှော့ခဲ့သည့် တရုတ်၊ တောင်ကိုရီးယား၊ တူရကီနှင့်  ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာ့ နိုင်ငံ ၁၅ နိုင်ငံမှ အသွားအပြန် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် ရုရှားဖက်ဒရယ်လေကြောင်း ပို့ဆောင်ရေး အေဂျင်စီက ကြိုးပမ်းနေသည်။ လေကြောင်းခရီးစဉ် ပြန်လည် စတင်မှုက ရုရှားနိုင်ငံမှလေကြောင်း ခရီးစဉ်များ လက်ခံရန်သဘောတူသည့် နိုင်ငံများအပေါ် မူတည်မည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

 

ယနေ့ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင်က နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်စတင်မည့် ရွေးပိုင်ခွင့်များ လေ့လာဖော်ထုတ်ရန် ဖက်ဒရယ် လေကြောင်းပို့ဆောင်ရေး အေဂျင်စီနှင့် စားသုံးသူအကာအကွယ်ပေးမှု စောင့်ကြည့်ရေးအဖွဲ့အား ညွှန်ကြားခဲ့သည်။ ရုရှားနိုင်ငံ၏ နယ်စပ်ကို မတ်လကတည်းက နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။

 

ကိုးကား-သည်မော်စကိုတိုင်းမ်

ဘာသာပြန်-ကျော်ထိုက်စိုး