ကြာအင်းဆိပ်ကြီး  ၁၅ စက်တင်ဘာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းဆိပ်ကြီ-ဘုရားသုံးဆူ ကားလမ်းပိုင်းရှိ ချောင်းဝတံတားနှင့် တံတားဦး တံတားတို့အား အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ် လမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။

 

2

 

ချောင်းဝတံတားသည် အရှည် ၁၂၀ ပေ၊ အကျယ် ၁၄ ပေခန့်နှင့် တံတားဦးတံတားမှာ အရှည် ၂၄၀ ပေ၊ အကျယ် ၁၄ ပေခန့်ရှိသော တံတားများဖြစ်ရာ မိုးတွင်းကာလ ရေကြီးရေလျှံမှု ဖြစ်ပေါ်စဉ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ယာဉ်+ကုန် ၆၀ တန် ခံနိုင်ဝန်ရှိသော တံတားများအဖြစ် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

4

 

အဆိုပါ တံတား(၂)စင်းအား အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးအတွက် စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက ချောင်းဝတံတားနှင့် တံတားဦးတံတားတို့အား RC တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရန်၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားနှစ်စင်းမှာ ရှေးယခင်က ဒေသခံများ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြသည့် တံတားများဖြစ်ပြီး နှစ်ကာလ ကြာလာသည်နှင့်အမျှ ကြံခိုင်မှုပိုင်း အားနည်းလာခြင်း၊ စတင်တည်ဆောက်ခဲ့စဉ်က တံတားမှာ လမ်းအောက်နိမ့်၍ မိုးရာသီရောက်တိုင်း ရေကျော်လေ့ရှိသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိရာ ယခုနှစ် ပွင့်လင်းရာသီအတွင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် လမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။

အဆိုပါလမ်းပိုင်းသည် ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေး လမ်းပိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)