ကြာအင်းဆိပ်ကြီး ၂၁ မတ် 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အများပြည်သူများ (COVID-19)ခေါ် ကိုရိုနာဗိုင်းရပ်စ်ရောဂါအား အလေးအနက်ထားသိရှိပြီး ရောဂါမဖြစ်ပွားအောင် ကာကွယ်နေထိုင်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက သုံးဘီးဆိုင်ကယ်ယာဉ်ဖြင့် ယမန်နေ့ည ၉ နာရီအချိန်က မြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်တွင် လှည့်လည်ပြီး လော်စပီကာဖြင့် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအများပြည်သူများအား အသိပညာပေးရာတွင် ကမ္ဘာပေါ်တွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19)ခေါ် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားနေကြောင်း ကမ္ဘာ့နိုင်ငံပေါင်း(၁၆၈)နိုင်ငံတွင် ရောဂါဖြစ်ပွားမှုများရှိပြီး သေဆုံးမှုများလည်းရှိကြောင်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အတည်ပြုလူနာမရှိသေးသော်လည်း ကူးစက်နိုင်ခြေအလွန်များကာ အချိန်မရွေးကူးစက်လာနိုင်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် နှာခေါင်း၊ ပါးစပ် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် တိုက်ရိုက်ဝင်ရောက်ခြင်း အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးမွှားများအား လက်နှင့်ကိုင်တွယ်ထိတွေ့ရာမှတဆင့် ဖြစ်ပွားနိုင်ကြောင်းပြောကြားသည်။

ဆက်လက်ပြီးရောဂါလက္ခဏာများဖြစ်သည့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ဒေသတွင်းရောဂါ ကူးစက်ပြန့်ပွားလျက်ရှိသော နေရာဒေသများသို့ ခရီးသွားခဲ့ခြင်း (သို့မဟုတ်) ကိုရိုနာဗိုင်းရပ်စ် ရောဂါ လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသည်ဟုအတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်းတို့ရှိခဲ့ပြီး ဖျားခြင်း အပူချိန် ၃၈°C (သို့) ၁၀ဝ.၄°F နှင့် အထက်ရှိခြင်း ချောင်းဆိုးခြင်း အသက်ရှူရခက်ခဲခြင်း အားအင်ကုန်ခမ်းခြင်းတို့ဖြစ်ကြောင်း မိမိသော်လည်းကောင်း မိမိပတ်ဝန်းကျင်သော်လည်ကောင်း အထက်ပါ လက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့၍ကုသမှုခံယူကြပါရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရောဂါကာကွယ်နိုင်သောနည်းလမ်းများကို ဆက်လက်အသိပညာပေးရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း လက်ကိုစင်ကြယ်အောင် မကြာခဏဆေးကြောခြင်း နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ခြင်း တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုခြင်း အာဟာရပြည့်ဝစွာစားသုံးခြင်း ကောင်းစွာအိပ်စက်ခြင်း အထူးသတိပြုရန်အချက်မျာ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှရှောင်ကြဉ်ခြင်း တိရစ္ဆာန်များနှင့် အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း အထက်ပါနည်းလမ်းများဖြင့် ရောဂါကူးစက်မှုကို မိမိကစ၍ ကာကွယ်ကြပါရန်နှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြပါရန်နှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအားလုံး ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတင်းပို့ကြပါရန်နှင့် ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူကြပါရန် အများပြည်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)