ကြာအင်းဆိပ်ကြီး ၆ သြဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် သြဂုတ်လ လဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်များနှင့် ကားလမ်းများ ရေလျှံနစ်မြုပ်လျက်ရှိသည်။
အဆိုပါ ဇမိမြစ်ရေလျှံခြင်းကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းနှင့် ကြာအင်းဆိပ်ကြီး-မုဒုံ-မော်လမြိုင် ကားလမ်း အချို့နေရာများ၌ ရေကျော်နစ်မြုပ်လျက်ရှိကာ ကြာအင်းဆိပ်ကြီးမှ သုံးဆူသို့ မိုင်တိုင်(၂)မိုင်ကျော်ခန့် ချောင်းဝကျေးရွာ အထွက်တွင်လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမှ မုဒုံ-မော်လမြိုင်သို့ လမ်းတွင်လည်းကောင်း၊ သံပုရာကျေးရွာအောက် သင်္ကန်းချောင်းနှင့် မိုင်တိုင်(၇)မိုင်ကျော်ခန့်ရှိ ကော့ကမာကျေးရွာရှိကားလမ်း များတွင်လည်း ကောင်း ရေလျှံနစ်မြုပ်မှုကြောင့် ယာဉ်ငယ်များနှင့် ဆိုင်ကယ်များ သွားလာမှုခက်ခဲလျက်ရှိကြောင်း သိရသည်။
ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် သံပုရာမီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်


