ကြာအင်းဆိပ်ကြီးမြို့၌ နိုင်ငံအဝန်း ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ၂၄  အောက်တိုဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မွေးကင်းစမှ အသက်(၅)နှစ် အောက် ကလေးသေဆုံးမှု ထပ်မံလျော့ချနိုင်ရေးနှင့် (၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်း‌ဝေး၍ မွေးရာပါဂျိုက်သိုးရောဂါကင်းစင်ပပျောက်စေရန်ရည်ရွယ်၍ နိုင်ငံအဝန်း ပိုလီယို၊     ဝက်သက်ဂျိုက်သိုး ကာကွယ်‌ဆေး အပိုဆောင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်ဇင်ထွန်းက ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများအတွင်းရှိ မွေးကင်းစမှအသက်၅နှစ်အရွယ်ကလေးငယ်များကို ပိုလီယို၊ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတိုက်ကျွေးသွားမည့်အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့များ ကာကွယ်ဆေး တိုက်ကျွေးရေး အဖွဲ့တွင် ပါဝင်မည့် စေတနာ့ဝန်ထမ်းများနှင့်ပြည်သူလူထုများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးစေလိုကြောင်း သို့မှသာ ပိုလီယိုရောဂါကြောင့် သေဆုံးခြင်း ရာသက်ပန် မသန်မစွမ်းဖြစ်ခြင်းမှ     ကာကွယ်နိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။

 

အဆိုပါ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ရုံးများ စုရပ်များနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် နံနက်၈နာရီမှ ညနေ ၄ နာရီအထိ   တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး (ပြန်/ဆက်)