ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူနေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်ခဲ့သည့်အတွက် ရေဘေးရှောင် ပြည်သူများအနေဖြင့် ရေဘေးရှောင်စခန်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ရေဘေးရှောင်အလှူခံဌာနတစ်ခုအား ဖွင့်လှစ်ထားရာ စေတနာရှင်မိဘပြည်သူများ၊ အသင်းအဖွဲ့များက လာရောက်လှူဒါန်းလျက်ရှိကြသည်။ ကြာအင်းဆိပ်ကြီးမြို့ရှိ တပ်နယ်မိသားစုများ စုပေါင်းလှူဒါန်းသည့် ဆန်(၅)အိတ်၊ ဆီ(၁)ပုံး၊ ပဲ(၁)အိတ်နှင့် ကြက်ဥအလုံး(၄၀၀)အား တပ်နယ်တာဝန်ရှိသူများက အလှူခံဌာနသို့ ဇူလိုင် ၂၈ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့လှူဒါန်းသည့် အခြေခံ စားသောက်ကုန် အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်၊ ငါးသတ္တော(၂)ဘူး၊ ပဲ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀) ကျပ်သားနှင့် ဆီ(၁)ဘူး နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း(၁၁၆)စု အား ယနေ့နံနက်ပိုင်းတွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အမှတ်(၆)ရပ်ကွက်ရှိ ရေဘေးရှောင်စခန်း၌ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး


