ကြာအင်းဆိပ်ကြီး၊  ၁၈  ဇွန်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုမိုးရာသီတွင် ထွန်ယက်စိုက်ပျိုးမည့် မိုးစပါးများ အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရေး မြေဆီမြေလွှာများ မြေချဉ်ဓာတ် လျော့နည်းကာ မြေဆီလွှာများ ဖွံ့ဖြိုး‌‌ကောင်းမွန်လာ‌စေ‌‌ရေးအတွက် ရည်ရွယ်ပြီး သစ်စိမ်းမြေဩဇာ ထည့်သွင်းမြေမြှုပ်ခြင်း ကွင်းသရုပ်ပြသခြင်းနှင့် တောင်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့မကွင်း၌ ပြုလုပ်သည်။

 

အဆိုပါ‌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌‌ရေး သစ်စိမ်းမြေဩဇာ ထည့်သွင်းမြေမြှုပ်ခြင်း ကွင်းသရုပ်ပြသခြင်းနှင့် တောင်သူ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန်က တောင်သူများအနေဖြင့် ယခုမိုးရာသီတွင်မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများအား ကြိုတင်ပြင်ဆင်ခြင်းနှင့် အထွက်နှုန်း တိုးတက်မြင့်မားလာစေရေး အတွက် မြေဆီမြေလွှာများ ဖွံ့ဖြိုးတိုးတက်လာစေရေး လယ်ဧကများပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားသည်။

 

ထို့‌နောက် စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝေလင်းညွန့်က တက်‌ရောက်‌လေ့လာကြသည့် ဒေသခံ တောင်သူများအား မိမိတို့၏ လယ်ယာမြေအတွင်း သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးပြီး ရက်(၄၀) မှ(၄၅)ရက်အကြာတွင် ထယ်ထိုး မြှုပ်ထားပြီး (၁၀)ရက်မှ(၁၄)ရက်အကြာတွင် ကောင်းစွာ ဆွေးမြည့်ကာ မြေဆီမြေလွှာများ ဖွံ့ဖြိုးတိုးတက်လာပြီး မိမိတို့စိုက်ပျိုးမည့် သီးနှံများကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ယင်းနောက်တက်ရောက်လေ့လာကြသည့် ဒေသခံတောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အဆိုပါမြို့မကွင်း၌ ထည့်သွင်းစိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာများ ထယ်ထိုးမြေမြှုပ်ခြင်းအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မျိုးမင်းဦး

mdn