ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကြာအင်ဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၂၆) ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် (၂၆) သန်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခုနှစ် ဧပြီလ ဒုတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျေးရွာ (၁၇) ရွာ၌ စီမံကိန်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

mdn

 

ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၂၆) ရွာအနက် နန်းခွီ၊ ကျောက်ဘီလူး၊ ကြက်ခြံ၊ ဖာတလယ်၊ ရွှေပိုးဟပ်ရွာသစ်၊ ခလယ်စော၊ ကွီဖာဒို့၊ ထီးနန်းရှီး၊ လှာကဒါ၊ ဝယ်ကလွန်၊ မဲဇလီ၊ အပလုံ၊ ကျောက်တံခါး၊ လယ်တောကြီး၊ ရွာသစ်၊ ပိန္နဲဆိပ်၊ ဝေသာလီ၊ ထားဝယ်ပေါက်၊ ကျေးရွာများတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊  ပြည်သူထည့်ဝင်ငွေများဖြင့်  လမ်းလုပ်ငန်း ရှစ်ခု၊ တံတားလုပ်ငန်း သုံးခု၊ ရေရရှိရေးလုပ်ငန်း ငါးခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၁၇) အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိသည့်ကျေးရွာ (၉) ရွာ၏ လုပ်ငန်းများကိုလည်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းက ပြောပြ၍ သိရသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာစုစုပေါင်း (၂၆) ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၂၆) ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်