ဘားအံ  ၁ ဇွန်

ကရင်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်အတွင်းသို့ ယမန်နေ့က ငါးခုံးမကြီးသားပေါက် (၇၀၀၀၀)နှင့် ရွှေဝါငါးကြင်း(၃၀၀၀၀) စုစုပေါင်းကောင်ရေ (၁၀၀၀၀၀) အား ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

 

ကရင်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနအနေဖြင့် ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်း တို့တွင် ငါးမျိုးကောင်းမျိုးသန့်များကို သားဖောက်ထုတ်လုပ်လျက်ရှိပြီး ငါးမွေးတောင်သူများ၊ အင်းသားကြီးများသို့ ငါးသားပေါက်ရောင်းချ ပေးသည့်အပြင် မြစ်ချောင်းများ၊ ဆည်၊ ကန်၊ ရေလှောင်တမံများ၊ စပါးငါးကန်များ၊ တပ်ရင်းတပ်ဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းဌာနဆိုင်ရာများ၏ ငါးမွေးမြူရေးကန်များသို့ နှစ်စဉ်အခမဲ့ ငါးမျိုးစိုက်ထည့်ပေးလျက်ရှိသည်။

 

၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း နေရာ(၄၀)တွင် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ တီလားပီယား ငါးသား ပေါက် စုစုပေါင်းကောင်ရေ (၁၇၄၅၀၀၀)ကို ငါးမျိုးစိုက်ထည့် သွားမည်ဖြစ်ပြီး မေ (၃၁)ရက်နေ့အထိ ငါးခုံးမကြီးသားပေါက် (၁၂၂၆၀၀)၊ ရွှေဝါငါးကြင်းသားပေါက် (၅၀၇၀၀) နှင့် တီးလားပီးယားသားပေါက် (၁၇၀၀)တို့အား ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ကရင်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနမှ သိရှိရသည်။

စောအယ်လင်း (ပြန်/ဆက်)