ကြာအင်းဆိပ်ကြီး မတ် ၂၈

 

ကမ္ဘာ့စားသုံးဆီ အများဆုံးထုတ်လုပ်နိုင်သော သီးနှံများ၌ နေကြာသီးနှံမှာ တစ်ခုအပါဝင်ဖြစ်ပြီး ပြည်တွင်းဆီစားသုံးမှုဖူလုံရေး၊ ဒေသတွင်းဆီစားသုံးမှုဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရေးအတွက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ သီးထပ် သီးညှပ် စိုက်ပျိုးမှုဖြင့် ဆီထွက်သီးနှံနေကြာအား စိုက်ပျိုးဧက (၁၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

ဆီထွက်သီးနှံနေကြာအား ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုင်းကျွန်းမြေများတွင် သီးညှပ်အဖြင့် (၇)ဧက စိုက်ပျိုးခဲ့ပြီး လယ်ယာမြေများတွင် မိုးစပါးရိတ်သိမ်းပြီး သီးထပ်အဖြင့် (၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ကာ နေကြာစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းညွန့်နှင့် ဝန်ထမ်းများမှ မတ် ၂၇ ရက် နံနက်ပိုင်းက ခလယ်ကျေးရွာရှိ လယ်ယာမြေ၌ သီးထပ်အဖြင့် နေကြာစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဒေသတွင်း ဆီစားသုံးမှုဖူလုံနိုင်စေရေးအတွက် ဆီထွက်သီးနှံနေကြာအား ကျယ်ကျယ်ပြန့်ပြန့် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်စေရေးနှင့် နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာရပ်များအား ဆွေးနွေးပြောကြားပြီး တောင်သူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းကာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံနေကြာအား ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကိုင်းကျွန်းသီးညှပ်နှင့် လယ်ယာမြေတွင် သီးထပ်ဖြစ် စိုက်ပျိုးဧက (၇၂)ဧက တိုးချဲ့စိုက်ပျိုးသွားနိုင်ရေးအတွက် စီမံလျာထားကြောင်း သိရသည်။

 

မျိုးမင်းဦး