ကြာအင်းဆိပ်ကြီး ၁၆ ဇွန်
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိကို အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်နှင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးတော့မည်ဖြစ်ရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အထက်တန်းအဆင့်ကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားကျောင်းသူများ နေထိုင်သွားလာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ ၂၀ ဖြင့် ၆ ပေအကွာထားပြီး နှာခေါင်းစည်း (Mask)များ တပ်ဆင်အသုံးပြုနိုင်ရေး၊ ဆပ်ပြာ လက်သန့်ဆေးရည်များကို အသုံးပြုနိုင်ရေး သန့်စင်ခန်းများ စနစ်တကျအသုံးပြုနိုင်ရေး စသည်တို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်ထွန်း ထံက သိရှိရသည်။
အခြေခံပညာအဆင့်များကို စတင်ဖွင့်လှစ်ပြီး နောက်ထက်အခြေအနေအရ အလယ်တန်းနှင့် မူလတန်းအဆငိ့များကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုးအရ ပုံမှန်တက်တဲ့ကျောင်းရှိနိုင်သလို တစ်ပတ်ခြားတက်ရမည့် ကျောင်းသားများရှိနိုင်ကြောင်း၊ နောက်ထပ် တစ်ပတ်ခြား နှစ်သုတ်တက် သုံးရက်စီပိုင်းပြီး တက်ရတဲ့ကျောင်းတွေလည်း ရှိနိုင်ကြောင်း၊ ကျောင်းတက်စနစ် ၅ မျိုးအပေါ်အခြေခံပြီး ကလေးတွေပညာသင်ကြားနိုင်ရေး အဆင်ပြေအောင် စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးဦးမြင့်ထွန်း က ပြောကြားသည်။
မျိုးမင်းဦးပြန်/ဆက်


