ကြာအင်းဆိပ်ကြီး၊ ၃ ဇွန်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သီးနှံပင်များစွာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးလုပ်ကိုင်သူများလည်း နှစ်စဉ်တိုးပွားလာလျက်ရှိရာ ရာသီသီးနှံအလိုက် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရာသီသီးနှံများအား မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်စိုက်ပျိုးထားသည့် ကြက်မောက်သီးကို မြို့တွင်းမှာ ပြန်လည်ရောင်းချရာ ကြက်မောက်သီးတစ်လုံးလျှင် ငွေကျပ်(၅၀)ခန့်ရရှိပြီး မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ကြက်မောက်ပင် ကိုင်းဆက်ပင် တစ်ပင်လျှင် ငွေကျပ်(၄၀၀၀)ခန့် ဝယ်ယူရကြောင်း၊ စတင်စိုက်ပျိုးရာမှ မြေသြဇာများထည့်သွင်းခြင်း နွေရာသီတွင်ရေသွင်းပေးခြင်း စနစ်တကျ ပြုစုပျိုးထောင်ခြင်းဖြင့် သုံးနှစ်ကျော်ခန့်တွင် အသီးစတင်သီးလေ့ရှိကြောင်း၊ လေးနှစ်ကျော်ခန့်တွင် အသီးများစွာသီးကာ ခူးဆွတ်ပြီး ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး


