ကြာအင်းဆိပ်ကြီး ၉ မေ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မိုးဦးကာလတွင် ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ကာ ကိုဗစ်-၁၉ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အသိပညာပေး ပိုစတာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ မြေစိုက်ဘုတ်တွင်ပြသခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ သိရှိစေရေးအတွက် လူစည်ကားရာ နေရာများနှင့် ရပ်ကွက်/ကျေးရွာတွင်း လှည့်လည်နှိုးဆော် ပြောကြားလျက်ရှိသည်။

 

ထို့နောက် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းပါဝင်ကာ ဖုံး သွန် လဲ စစ် ခြင်းနှင့် ရေတွင်း ရေကန်များအား အဘိတ်ဆေးများထည့်ခြင်းကို စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်