ကြာအင်းဆိပ်ကြီး ၂၈ ဒီဇင်ဘာ

 

ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌   (၇၂)နှစ်မြောက်  လွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ဇမိခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်()ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အဆိုပါခန်းမရှေ့တွင် ပြုလုပ်ကျင်းပသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် ပြည်နယ်လျှပ်စစ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး ဦးစိုးလှိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောတင်ဝင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောယှားဖောင်အွာ နော်ဆာမူထူး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မျိုးဦးနှင့် ကြာအင်းဆိပ်ကြီးမြို့ စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ဇမိခန်းမအတွင်း၌ အခမ်းအနားကို ဆက်လက်ပြုလုပ်ကျင်းပရာ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ် စက်မှုနှင့်စွမ်းအင်ဝန်ကြီးဦးစိုးလှိုင်က ထပ်ဆင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဇမိခန်းမအဆင့်မြှင့်တင်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။ ယင်းဇမိခန်းမကို ကရင်ပြည်နယ် စည်ပင်သာယာရေးရန်ပုံငွေမှ ကျပ်သိန်း(၁၂၉၅)ဖြင့် အသစ်ပြန်လည် မွမ်းမံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး