ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင် ၁၈ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် မြို့ပေါ်အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

နှစ်စဉ်မိုးရာသီကာလ၌ မြေနိမ့်ပိုင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်း၊ ၎င်း‌နေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်မှုကြောင့် အိမ်ထောင်စု(၈၀)ကျော်ခန့်မှာ ရေလွတ်ရာ အဆောက်အဦများနှင့် ဆွေမျိုးနီးစပ်ရာနေအိမ်များသို့  ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး