ကာဗာနီ၊ ဖာနန်ဒက်ဇ်တို့၏ ခြေစွမ်းပြမှုနှင့်အတူ ရိုးမားကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်ရန် အခြေအနေကောင်းပိုင်ဆိုင်ခဲ့သည့် မန်ယူ

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ပရီမီယာလိဂ်ကလပ် မန်ယူအသင်းနှင့် စီးရီးအေကလပ် ရိုးမားအသင်းတို့ပွဲစဉ်ကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက မန်ယူအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းသည် ရိုးမားအသင်းကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သောကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းရန် အခွင့်အရေးကောင်း ပိုင်ဆိုင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

မန်ယူအသင်းသည် မေ၂ ရက်တွင် အသင်းကြီး လီဗာပူးအသင်းနှင့် ပရီမီယာလိဂ် ပွဲစဉ် (၃၄) ကို ကစားရန်ရှိသော်လည်း ယနေ့ပွဲစဉ်တွင် အားထားရသည့် အဓိက ကစားသမားအများစုဖြင့် ရိုးမားအသင်းကို ရင်ဆိုင်လာခဲ့သည်။ ရိုးမားအသင်းကလည်း မန်ယူအိမ်ကွင်းတွင် အသာစီးရယူနိုင်ရန်အတွက် အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ အနိုင်ရရှိရေးအားစိုက်ကစားလာသည့် မန်ယူ အသင်းအနေဖြင့် ပွဲအစ ကိုးမိနစ်တွင် ဦးဆောင် ဂိုးရရှိခဲ့ပြီး ကာဗာနီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ၊ ဖာနန်ဒက်ဇ်က သွင်းယူပေးခဲ့သည်။ ရိုးမားအသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၁၅ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် ပယ်လီဂရီနီက အမှားအယွင်းမရှိ သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်ပိုင်း ရိုးမားအသင်းသည် မန်ယူအသင်းကို ဒုတိယဂိုး ရရှိသည်အထိ ဖိအားပေးကစားလာနိုင်ခဲ့သည်ကို တွေ့ရသည်။ ရိုးမားအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် ပယ်လီဂရီနီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဒီဇီကိုက သွင်းယူပေးခဲ့သည်။ မန်ယူအသင်းသည် လိုအပ်နေသည့် ဂိုးများကို သွင်းယူနိုင်ခြင်း မရှိသောကြောင့် ပထမပိုင်းကို ရိုးမားအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီတွင် မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဖာနန်ဒက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာဗာနီကသွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပွဲမှာ တစ်ဖက်နှစ်ဂိုးစီဖြစ်လာခဲ့သောကြောင့် အကြိတ်အနယ် ရှိလာခဲ့သည်။ မန်ယူအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် ကာဗာနီက သွင်းယူပေးခဲ့ပြီး စတုတ္ထဂိုးကို ဖာနန်ဒက်ဇ်က ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ မန်ယူအသင်းအတွက် ပဉ္စမမြောက်ဂိုးကို ဖာနန်ဒက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ပေါ့ဂ်ဘာက သွင်းယူပေးနိုင်ခဲ့ပြီး ဆဋ္ဌမမြောက် ဂိုးကို ကာဗာနီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂရင်းဝုဒ်က သွင်းယူပေးခဲ့သည်။ ယနေ့ပွဲစဉ်တွင် မန်ယူအသင်းသည် ရိုးမားအသင်းအပေါ် ခြေအသာ၊ ဂိုးအသာဖြင့် သိသိသာသာ ဖိအားပေး ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် မန်ယူအသင်းမှ ကာဗာနီ၊ ဖာနန်ဒက်ဇ် ဟန်ချက်ညီညီ ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။

မန်ယူအသင်းသည် ယနေ့ပွဲစဉ်တွင် ရိုးမားအသင်းကို ခြောက်ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ၁၉၆၄ ခုနှစ် မေလနောက်ပိုင်း ဥရောပပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်အသင်းကို ခြောက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

အခြားသော ပွဲစဉ်တစ်ပွဲဖြစ်သည့် ဗီလာရီးရဲအသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် ဗီလာရီးရဲအသင်းက နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

 

အောင်ဇော်