တိုကျို နိုဝင်ဘာ ၄

 

ဂျပန်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးအတွက် ဗြိတိန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ကတိပြုခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် COP26 ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်သို့ တက်ရောက်ရန် ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါခရီးစဉ်သည် အောက်တိုဘာလအတွင်းက ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ကီရှီဒါ၏ ဝန်ကြီးချုပ်ဘဝ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ကီရှီဒါ၏ခရီးစဉ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအား မိတ်ဟောင်း ဆွေဟောင်း တစ်ဦးသဖွယ် ကြိုဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ကီရှီဒါအနေဖြင့် ကတိကဝတ်ပြုထားသည့်အတိုင်း ဗြိတိန်နိုင်ငံသို့ ခရီးရှည်လာရောက်ခဲ့မှုနှင့် စပ်လျဉ်း၍လည်း ကျေးဇူးတင်ရှိပါကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြား ခဲ့သည်။

 

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ကာဗွန်ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်ရေးတွင် ဦးဆောင်ဦးရွက်ပြုနိုင်ရေးအတွက် ဘောရစ်ဂျွန်ဆင်နှင့်အတူ လက်တွဲလုပ်ဆောင်မည့် ၎င်း၏ ရည်ရွယ်ချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်