နေပြည်တော်  ၃၀  အောက်တိုဘာ

 

ကမ္ဘာ့ကုလသမဂ္ဂတွင် ဘုံအကျိုးစီးပွားအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် Group of 77 (G-77) အဖွဲ့ ဝင်နိုင်ငံများအကြား ရာသီဥတု ပြောင်းလဲမှု လျော့နည်းသက်သာစေရေး ၂၀၃၀ အစီအစဉ်တွင် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်အား ထိန်းကြောင်းခြင်း (Maintaining a Low Carbon Development Path towards the 2030 Agenda in the era of COVID-19) ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်သည်။

 

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (G-77) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော the Cooperative Republic of Guyana နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး the Cooperative Republic of Guyana နိုင်ငံသမ္မတ၊ ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အလှည့်ကျဥက္ကဋ္ဌ ချီလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာ စကားပြောကြားသည်။

 

ယင်းနောက် (G-77) အဖွဲ့ဝင် ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ “ကမ္ဘာ့ကပ် ရောဂါ  ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အလေးအနက်တိုက်တွန်းချက်များ” အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဖွံဖြိုးတိုးတက်မှုအစီအစဉ်တိုင်းတွင် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်း၍ မူဝါဒနှင့် နည်းဗျူဟာများကို ပေါင်းစပ်ထည့်သွင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကတည်းက တိကျပြတ်သား သည့် မူဘောင်များ ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိနှင့် အနာဂတ်မျိုးဆက်တို့အတွက်  ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော လူ့ဘောင်အဖွဲ့အစည်းဖြစ်ရန် ရေရှည်ရည်မှန်းချက်များထားရှိပြီး လုပ်ဆောင်လျက်ရှိကြောင်း။

 

လက်ရှိအချိန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မိုးကြီးရေလျှံခြင်း၊ မိုးခေါင် ခြောက်သွေ့ခြင်း၊ မုန်တိုင်းများတိုက်ခက်ခြင်း၊ မြေပြိုခြင်းများသည် ယခင်ကထက် ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ဆုံးရှုံးများမှာလည်း ယခင်ကထက် ပိုမိုများပြား ပြင်းထန်လာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ထိခိုက်ပျက်စီးလွယ်မှုနှင့် ဆုံးရှုံးနိုင်ခြေရှိမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရေရှည်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သလို လတ်တလောတွင်လည်း ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးကိုလည်း ချက်ခြင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအကျိုးဆက်များ ခံစားနေရသည့် နိုင်ငံများအနေဖြင့် သစ်တောအတန်းအစား ကျဆင်းမှုများမှ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးအပါအဝင် သဘာဝအားအခြေခံသည့် ဆောင်ရွက်မှုများ  Nature-based Solutions များ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ဖွံ့ဖြိုးမှု ၂၀၃၀ အစီအစဉ်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေနှင့် လေစွမ်းအင်အရင်းအမြစ်များ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလများတွင် စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရေး ကုစားဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိသော အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အလားအလာရှိသော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ထိရောက်သိသာထင်ရှားသည့် ရလဒ်များရရှိနိုင်မည်ဟု ကျွန်တော်တို့အနေဖြင့် ယုံကြည်ပါကြောင်း၊ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပါရီသဘောတူညီချက်နှင့် ကိုဗစ်-၁၉  ရောဂါတိုက်ဖျက်မှုတို့အပေါ် အောင်မြင်နိုင်မည်ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် (G-77) အဖွဲ့ဝင်(၁၀)နိုင်ငံတို့မှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်