၂၃ ဇန်နဝါရီ
ပရီးမီးယားလိဒ် အသင်းတစ်သင်းဖြစ်တဲ့ ကားဒစ်အသင်းရဲ့ တိုက်စစ်မှူး ဆာလာ လိုက်ပါစီးနင်းသွားသော လေယာဉ်ဟာ အင်္ဂလိပ်ရေလက်ကြားပေါ်အရောက်မှာ ရေဒါကနေ ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အာဂျင်တီးနားအသင်း လက်ရွေးစင် ဆာလာဟာ ပြင်သစ်ကလပ်အသင်း နန်တီကနေ ကားဒစ်အသင်းကို ယူရိုငွေ ၁၇ သန်းနဲ့ ပြောင်းရွှေ့ကစားဖို့ ပြီးခဲ့တဲ့ စနေနေ့က ပြောင်းရွှေ့လက်မှတ်ထိုးခဲ့ပါတယ်။
တနင်္လာနေ့ညပိုင်းက ပြင်သစ်ကနေ ကားဒစ်ကို ပျံသန်းမယ့်လေယာဉ်ပေါ်မှာ ဆာလာ လိုက်ပါသွားကြောင်း သိရပါတယ်။ အဲဒီလေယာဉ်ဟာ ၁၂ မိုင်လောက်ပျံသန်းအပြီး ရေဒါကနေ ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်ပေါ်တွင် လိုက်ပါသွားသော ဆာလာက သူ့မိသားစုဆီကို လူမှုကွန်ယက် WhatsApp ကနေတဆင့် အသံဖိုင်ပို့ခဲ့ကြောင်း သိရပါတယ်။ အဲဒီအသံဖိုင်ထဲမှာ “ကားဒစ်ကို သွားဖို့အတွက် အခုလေယာဉ်ပေါ်မှာ ရောက်နေပြီ။ ကြည့်ရတာ လေယာဉ်က ပျက်ကျတော့မယ့်ပုံစံဘဲ။ နောက် တစ်နာရီခွဲလောက်နေလို့ သတင်းမကြားရင်။ ဘာလုပ်ရမလဲမသိတော့ဘူး။ ကျွန်တော်ကိုရှာဖို့ သူတို့လူတွေလွှတ်ကြလိမ့်မယ်။ သူတို့ကျွန်တော့်ကို ရှာဖွေလို့ တွေ့မှာတော့မဟုတ်ဘူး။ အဖေ ကျွန်တော်အရမ်းကြောက်တယ်။” လို့ ဆာလာက သူ့မိသားစုဆီကို အသံဖိုင်ပေးပို့ခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့လေယာဉ်ဟာ အင်ဂျင်တစ်လုံးထိုး PA-46 လေယာဉ်ဖြစ်ကြောင်း သိရပါတယ်။ ပျောက်ဆုံးသွားတဲ့လေယာဉ်ကို မနေ့က ၁၅ နာရီအကြာ ရေပြင် ၁၁၅၅ စတုရန်းမိုင်အတွင်း ရှာဖွေခဲ့ရာ ရေပေါ်ပေါ်နေတဲ့ ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း၊ လေယာဉ်ပေါ်ပါသွားတဲ့သူတွေရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ကြောင်း။ တကယ်လို့ လေယာဉ်က ရေထဲကို ဆင်းသက်သွားခဲ့ရင် အသက်ရှင်ကျန်နိုင်မယ့် အခြေအနေနည်းကြောင်း သက်ဆိုင်ရာ နယ်မြေရဲအရာရှိက ပြောပါတယ်။ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) နေအထွက်မှာ ပြန်လည်ရှာမယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP