ဖေဖော်ဝါရီ  ၁၈

ကာဇက်စတန်နိုင်ငံ၏ ရေနံသန့်စင်နိုင်စွမ်းသည် လက်ရှိတန်ချိန် ၁၈ ဒသမ ၄ သန်းမှ ၂၀၃၃ ခုနှစ်တွင် နှစ်စဉ်တန်ချိန်  သန်း ၄၀ အထိ တိုးလာမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Kaiyrkhan Tutkyshbayev က ၂၀၃၀ ခုနှစ်တွင် လက်ရှိ ရေနံချက်စက်ရုံများကို အဆင့်ဆင့် တိုးချဲ့ခြင်းသည် အလယ်အာရှနိုင်ငံတွင် ဒီဇယ်လောင်စာ ပြတ်လပ်မှုကို ဖြေရှင်းရန် ကူညီပေးမည်ဟု ပြောကြားခဲ့သည်။

တစ်နှစ်လျှင် တန်ချိန် ၁၀ သန်း ထုတ်လုပ်နိုင်သည့် စတုတ္ထမြောက် ရေနံချက်စက်ရုံကို ၂၀၃၃ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။  ကာဇက်စတန်၏ ပြည်တွင်းဂျက်လေယာဉ်လောင်စာ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပြီး အရည်အသွေးမြင့် ရေနံထုတ်ကုန်များ တင်ပို့နိုင်မည်ဟု ယူဆရသည်။

၂၀၂၆ ခုနှစ်နှောင်းပိုင်းတွင် စတင်လည်ပတ်ရန် စီစဉ်ထားသော ဓာတ်ငွေ့စက်ရုံသည် စီးပွားဖြစ်ဓာတ်ငွေ့  ကုဗမီတာ ၂ ဒသမ ၅ ဘီလီယံ ထုတ်လုပ်နိုင်မည်ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ဓာတုဗေဒကဏ္ဍတွင် polyethylene၊ butadiene နှင့် urea ထုတ်လုပ်ရန် စီမံကိန်းများသည် ကုန်ကြမ်းပစ္စည်းများထက် အဆ ၂၀ အထိ ထုတ်လုပ်မှုတန်ဖိုးကို မြှင့်တင်ပေးလိမ့်မည်ဟု ၎င်းကဆိုသည်။

၂၀၂၆ ခုနှစ်တွင် ပြည်တွင်းဝယ်လိုအားအပြည့်အဝပေးနိုင်စေရန် Pavlodar ဒေသတွင် alkylate ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို