နေပြည်တော် ဩဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် UNICEF ၊ WHO အဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်း၍ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် “ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန်ကျန်ရှိသည့် အသက် ၁ နှစ်မှ ၅ နှစ် အရွယ် ကလေးများကို အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအပေါ် ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ ပြန်လည်တင်ပြခြင်း အစည်းအဝေး” ကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိခဲ့သော ကလေးငယ်များအတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို (၂၀၂၂) ခုနှစ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ (၂၀၂၃) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးရက်သတ္တပတ်၏ theme မှာ “The Big Catch-up” ဖြစ်ပါကြောင်း၊ (၂၀၂၄) ခုနှစ် တွင် နိုင်ငံတစ်ဝန်းလုံးရှိ အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသူနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသူ ကလေးငယ်များအတွက် ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးဆေးနှင့် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး များအား အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ၊ GAVI ၊ UNICEF ၊ WHO ၊ အမျိုးသား အဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group, NITAG) တို့ ပူးပေါင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၂၀၂၄) ခုနှစ် ဧပြီလတွင် ပထမအကြိမ်၊ ဇွန်လတွင် ဒုတိယအကြိမ်နှင့် ယခုဩဂုတ်လတွင် တတိယအကြိမ် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပြီး အသက် (၁) နှစ်မှ (၅) နှစ်အတွင်းကလေးငယ် (၁၈၅,၃၀၆) ဦးအနက် (၁၂၇,၃၁၄) ဦးကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပြီးဖြစ်ပါကြောင်း။
ဆက်လက်၍ ကျန်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အမီလိုက်ကာ ကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲနှင့် UNICEF ၊ WHO မှ တာဝန်ရှိသူများ ပူးပေါင်း၍ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို ကွင်းဆင်းကြီးကြပ်ခြင်း (Joint Supervision) ကို ဩဂုတ်၁ ရက် မှ ၅ ရက်အထိ ဆောင်ရွက်ခဲ့ သည်ကိုသိရှိရပါကြောင်း၊ ကွင်းဆင်း ကြည့်ရှုတွေ့ရှိ ချက်များမှတစ်ဆင့် လိုအပ်ချက်များ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေး၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်သစ္စာလွင်က နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အမီလိုက်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ များအားလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှရုံးခွဲ (SEARO) မှ Technical Officer (Vaccine Preventable Disease), Dr. Sigrun Roesel နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ Immunization Manager Dr. Ruhul Amin တို့မှ ကွင်းဆင်းကြည့်ရှုတွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


