Covid-19 ကြီး တည်ငြိမ်စပြုလာချိန်မှာတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကာကွယ်ဆေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာတာ တွေ့ရပါတယ်။ ကာကွယ်ဆေးဆိုတာ ဘယ်လိုအရာမျိုးလည်း ဆိုတာကို အရင် ရှင်းပြချင်ပါတယ်။
ကာကွယ်ဆေးဆိုတာ
ကာကွယ်ဆေးဟာ လူတွေကို အန္တရာယ်များလှတဲ့ ရောဂါတွေ မဖြစ်ပွားရလေအောင် ကာကွယ်ပေးထားတဲ့ အရာပါ။ ကာကွယ်ဆေးဟာ စိတ်ချလက်ချနဲ့ ထိုးနှံလို့ရပြီး ရိုးရှင်းလှတဲ့ နည်းလမ်းတစ်ခုပါပဲ။ ရောဂါပိုးတွေနဲ့ ထိတွေ့မှုမရှိခင်မှာ ကြိုတင်ထိုးနှံရတာပါ။ ကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ သန်မာအားကောင်းလာပြီး ရောဂါပိုးတွေိကို ခံနိုင်ရည် ရှိလာတာပါ။
ကာကွယ်ဆေးတစ်ခုဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ထဲမှာ ပဋိဇီဝပစ္စည်း ထုတ်လုပ်နိုင်စွမ်းရှိလာအောင် တည်ဆောက်ပေးလိုက်ပါတယ်။ ပဋိဇီဝပစ္စည်းတွေဟာ သာမာန်အချိန်မှာ မထွက်ပါဘူး။ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တဲ့အချိန်ကျမှသာ ထွက်လာပြီး တိုက်ခိုက်တာပါ။ ဒီလိုနည်းနဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးအတော်များများကတော့ ထိုးဆေးပုံစံမျိုးနဲ့ တွေ့ရတတ်ပြီး ပါးစပ်က တိုက်တဲ့ ပိုလီယို ကာကွယ်ဆေးလိုမျိုးလည်း ရှိပြန်ပါတယ်။
ကာကွယ်ဆေးတစ်ခုရဲ့ အလုပ်လုပ်ပုံ
ကာကွယ်ဆေးဟာ ခန္ဓာကိုယ်ရဲ့ သဘာဝခုခံအားစနစ်ကို စွမ်းအားတစ်ခု ပေးစွမ်းလိုက်တာပါ။ ဝင်ရောက်လာသမျှ ပိုးတွေကို တံတိုင်းသဖွယ် ကာကွယ်နိုင်တဲ့ စွမ်းအားပါ။
ကာကွယ်ဆေးရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ပြောပြပါမယ်။ ကာကွယ်ဆေး ထိုးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ အောက်ပါအတိုင်း တုံ့ပြန်ပါတယ်။
• ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးမွှားတွေကို လေ့လာမှတ်သားမယ်။ ဘာအမျိုးအစားဆိုတာ သတ်မှတ် ဆုံးဖြတ်ချက်ချမယ်။
• ပိုးနဲ့သက်ဆိုင်တဲ့ ပဋိဇီဝပစ္စည်းတွေထုတ်မယ်။
• အဆိုပါ ပဋိဇီဝပစ္စည်းတွေဟာ ပရိုတင်းတွေဖြစ်ပါတယ်။
• ဒီပရိုတင်းတွေဟာ ရောဂါပိုးကို တစ်ခါတိုက်ခိုက်ပြီးသွားတာနဲ့ တစ်သက်လုံး မှတ်မိသွားပါပြီ။
• ဒီရောဂါပိုး အမျိုးအစားကပဲ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာတဲ့အခါ မဖျားမနာခင်မှာ အမြန်ဆုံး ကြိုတင်တိုက်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ရောဂါပိုး ဝင်ရောက်ခြင်းကို သင်ကိုယ်တိုင်တောင် သတိမူမိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရတဲ့ အကောင်းဆုံးသော ရောဂါကာကွယ်ခြင်းနည်းလမ်းပဲ။ ကျွန်မတို့ရဲ့ ခုခံအားစနစ်ဟာ လူတစ်ယောက်သာဆိုလျှင် အလွန်မှတ်ဉာဏ်ကောင်းသူပါ။ ကာကွယ်ဆေးတစ်မျိုးကို နည်းလမ်းတကျ ထိုးနှံခဲ့မယ်ဆိုရင် သက်ဆိုင်ရာရောဂါကို တစ်ကြိမ်တစ်ခါမက နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်း များစွာကနေ တစ်သက်လုံးထိလည်း ကာကွယ်ပေးနိုင်သွားမှာပါ။ အပိုထပ်ဆောင်းထိုးနှံရတဲ့ ကာကွယ်ဆေးတွေတော့ ရှိပါတယ်။ ဒါကြောင့် “ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်း၏” ဆိုတဲ့ စကားအတိုင်း ရောဂါမဖြစ်ခင်မှာ ကြိုတင်ကာကွယ် သင့်ပါတယ်။
ကာကွယ်ဆေးကို ဘာကြောင့် မပျက်မကွက် ထိုးနှံသင့်သလဲ။
ကာကွယ်ဆေးတွေမရှိဘူး ဆိုကြပါစို့။ ဒါဆိုရင် ကျွန်မတို့ဟာ
• ဝက်သက်၊
• ဦးနှောက်အမြှေးရောင်၊
• အဆုတ်ရောင်ရောဂါ၊
• မေးခိုင်၊
• ပိုလီယိုစတဲ့ ရောဂါတွေရဲ့ဒဏ်ကို အပြင်းအထန်ခံစားရပြီး သေဆုံးနေကြရမှာပါ။
• ဒါမှမဟုတ် ဒီရောဂါတွေကြောင့်ပဲ မသန်မစွမ်းတွေအဖြစ် ဘဝတလျှောက်လုံး နေသွားရနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ ခန့်မှန်းရည်မှန်းချက်အရ ကာကွယ်ဆေးတွေဟာ လူအသက်ပေါင်း (၂)သန်းမှ (၃)သန်းလောက်အထိ နှစ်စဉ်နှစ်တိုင်း ကယ်ဆယ်ပေးနေတယ်လို့ ဆိုထားပါတယ်။
ယနေ့ကမ္ဘာကြီးကို မြင်ယောင်ကြည့်လိုက်ပါ။ ကူးစက်ရောဂါ အများအပြားဟာ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ နယ်မြေတွေကို ကျူးကျော်ကာ လူတွေအကြား ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။ ကြောက်စရာကောင်းလှတဲ့ COVID-19 ရောဂါဟာ လက်တလောမြင်သာထင်သာရှိလှတဲ့ သာဓက ပါပဲ။ ကာကွယ်ဆေးထိုးနှံရတဲ့ အဓိကပန်းတိုင်ဟာ (၂) ခုပဲ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ရန်နဲ့ မိမိ ဘေးကလူတွေကို မထိခိုက်စေရဖို့ပါ။
ဒါပေမယ့် လူတိုင်းလူတိုင်းဟာတော့ ကာကွယ်ဆေးထိုးလို့ မရပါဘူး။
• အသက်အလွန်ငယ်တဲ့ကလေးတွေ၊
• အလွန်အမင်း ဖျားနာနေသူတွေ၊
• ဓာတ်မတည့် ရောဂါခံစားနေရသူတွေဟာ ကာကွယ်ဆေးထိုးလို့မရနိုင်ပါဘူး။
သူတို့အတွက် ကာကွယ်လို့ရနိုင်တဲ့ နည်းလမ်းကတော့ တစ်ခုတည်းပါပဲ။ သူတို့အနားက လူတွေအနေနဲ့ တတ်နိုင်သလောက် ကာကွယ်ဆေးကို စနစ်တကျ ထိုးထားဖို့ပါပဲ။
ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက အများကြီးပါပဲ။
• သားအိမ်ခေါင်း ကင်ဆာရောဂါ၊
• ကာလဝမ်းရောဂါ၊
• ဆုံဆို့နာရောဂါ၊
• အသည်းရောင်အသားဝါဘီ၊
• တုပ်ကွေးရောဂါ၊
• ဦးနှောက်အမြှေးရောင်ရောဂါ၊
• ပါးချိတ်ရောင်ရောဂါ၊
• ကြက်ညှာချောင်းဆိုးရောဂါ၊
• နမိုးနီးယားအဆုတ် ရောင်ရောဂါ၊
• ပိုလီယို၊
• ခွေးရူးပြန်ရောဂါ၊
• ဝမ်းလျှောရောဂါ၊
• မေးခိုင်ရောဂါ၊
• အူရောင်ငန်ဖျားရောဂါ၊
• ဂျိုက်သိုးရောဂါ၊
• ရေကျောက်ရောဂါ၊
• အဝါရောင်အဖျား(Yellow Fever)လို့ခေါ်တဲ့ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
တချို့တချို့ရောဂါ ကာကွယ်ဆေးတွေကိုတော့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်နေကြဆဲပါ။ ယခုအချိန်ထိ ကမ္ဘာတစ်ဝန်းပျံ့နှံ့စွာ မရရှိနိုင်သေးပါဘူး။ လတ်တလောဖြစ်ပွားနေတဲ့ Covid-19 ရောဂါဆိုးကြီးကို ကာကွယ်နိုင်တဲ့ ဆေးကိုလည်း စမ်းသပ်နေကြဆဲပါ။
လူတစ်ယောက်ဟာ အထက်ပါ ကာကွယ်ဆေးတွေအားလုံးကို ထိုးထားသင့်တယ်လို့ မဆို ပါဘူး။ တချို့ကာကွယ်ဆေးတွေဟာ ခရီးသွားတတ်တဲ့သူတွေမှာပဲ လိုအပ်သလို ထိုးဖို့လိုအပ်ပြီး မိမိရဲ့အလုပ်အကိုင်အမျိုးအစားနဲ့ နေထိုင်မှု ပုံစံပေါ်မှာလည်း မူတည်ပါသေးတယ်။ မိမိဟာ ဘယ်လိုကာကွယ်ဆေးတွေ ထိုးထားသင့်သလဲဆိုတာကိုတော့ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းကြည့်နိုင်ပါတယ်။
ဥပမာအားဖြင့် သင့်ရဲ့သမီးဖြစ်သူကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပေးထားသင့်သလား။
သားအိမ်ခေါင်ကင်ဆာဟာ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တာကြောင့် လိင်ဆက်ဆံမှု မပြုလုပ်ခင်မှာ ကြိုတင်ကာကွယ် သင့်တာပါ။ အနောက်တိုင်းနိုင်ငံ အများစုဟာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်း သုတေသန ပြုလုပ်ထားပြီးသား ဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ အသက် ငယ်ရွယ်တဲ့ မိန်းကလေးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို (၉၀)ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားကြပါတယ်။ WHO ကတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အသက် (၉)နှစ်နဲ့(၁၀)နှစ်မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးပေးတဲ့ နည်းလမ်းအစီအစဉ်အဖြစ် စတင်ကျင့်သုံးလျက်ရှိတာကို တွေ့ရပါတယ်။
ရေးသားသူ-ဒေါက်တာမှူးခင်
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


