ကာကွယ်ဆေးအလုံးရေ  သန်း ၁၂၀ ထပ်မံထုတ်လုပ်ရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနှင့်  Pfizer ဆေးဝါးကုမ္ပဏီတို့ သဘောတူ

တိုကျို အောက်တိုဘာ ၈

 

ဂျပန် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့က Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ အများအပြား ထပ်မံထုတ်လုပ်ရန် သဘောတူညီခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။

 

ဇန်နဝါရီလမှစပြီး အဆိုပါကာကွယ် ဆေးအလုံးရေ သန်း ၁၂၀ ထပ်မံရရှိရန် ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနနှင့် Pfizer ဆေးဝါးကုမ္ပဏီတို့ ယမန်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

တတိယအကြိမ် ဂျပန်နိုင်ငံ၌ ဒီဇင်ဘာလမှစပြီး ကာကွယ်ဆေးတတိယအကြိမ်အပို ထပ်ဆောင်း ထိုးနှံပေးမှု အစီအစဉ်ကို စတင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ် တွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို သုံးစွဲသွားမည်ဖြစ်သည်။

 

ထို့ပြင် Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၅၀နှင့် Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၁၅၀ ကိုလည်း လာမည့်နှစ်အတွင်း လက်ခံရရှိရန် ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနနှင့် အဆိုပါဆေးဝါး ကုမ္ပဏီတို့ သဘောတူညီပြီးဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံအတွင်း၌ ပြည်သူ ၆၃ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်