၃၀  နိုဝင်ဘာ

ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး မျှော်လင့်ချက်တွေ ရင့်သန်လာတဲ့အချိန်မှာ သက်ဆိုင်ရာ ဆေးဝါးကြီးကြပ်ထိန်းသိမ်းရေး အဖွဲ့တွေဆီကနေ ကာကွယ်ဆေးအတွက် တရားဝင်ခွင့်ပြုချက်ရဖို့ကလည်း အသည်းအသန် အရေးကြီးလာပါတယ်။

ရှေ့ဆက်တိုးဖို့စဉ်းစားလာ

ဗြိတိန်နိုင်ငံမှာတော့ Astra Zeneca ကာကွယ်ဆေးကို အရေးပေါ်အခြေအနေ အတွက် ခွင့်ပြုချက်ပေးဖို့ ကြီးကြပ်ရေးအဖွဲ့ဆီ တောင်းခံလာပါတယ်။ ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၆၀၀၀ ကျော် ရှိလာနေတဲ့အချိန်မှာ ကာကွယ်ဆေးရဲ့ သေချာတဲ့ အကျိုးသက်ရောက်မှုတွေကို အတိအကျ မသိရသေးရင်တောင် ဒါကို ကျော်လွှားပြီး ရှေ့ဆက်တိုးဖို့ပဲ စဉ်းစားလာကြပါတယ်။ ဗြိတိန် နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် ကူးစက်မှုတွေ များပြားနေတဲ့အချိန် ကာကွယ်ဆေးရဖို့ဆိုတာ အမှန်တကယ်ပဲ အရေးကြီးနေပါတယ်။

ခွင့်ပြုပေးဖို့ စဉ်းစားနေ

အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဖိုက်ဇာနဲ့ ဂျာမနီနိုင်ငံက ဆေးကုမ္ပဏီ BioNTech တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် ခွင့်ပြုပေးဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်နိုင်ငံရဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ကပြောပါတယ်။ အမေရိကန် ဆေးဝါးကြီးကြပ်သူတွေထက် အရင်စောပြီး ဗြိတိန်မှ ခွင့်ပြု ချက်ပေးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

အမေရိကန်မှာတော့ ဒီဇင်ဘာ ၁၀ ရက်ကျမှ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗြိတိန် ကျန်းမာရေးအာဏာပိုင်တွေက ဒီဇင်ဘာလ အစောပိုင်းမှာပဲ ကာကွယ်ဆေးထိုးနှံပေးဖို့ အဆင်သင့် ပြင်ထားကြပါလို့ ဆေးရုံအကြီး အကဲတွေဆီ စာရေးသားထားတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးတွေထဲမှာ ရှေ့တန်းက ပြေးနေတဲ့ ဖိုက်ဇာဆေးအတွက် သတင်းအချက်အလက်တွေလည်း ဆေးရုံတွေဆီကို ရောက်နေပါပြီ။

အမှီအခိုကင်းလာ

ကိန်းဘရစ်တက္ကသိုလ်ဆေးရုံမှာတော့ လာမယ့်သီတင်းပတ်မှာပဲ ဖိုက်ဇာကာကွယ်ဆေးကို အသုံးပြုဖို့ ဝန်ထမ်းတွေကို အကြောင်းကြားထားတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ ကာကွယ်ဆေး အသုံးပြုနိုင်ဖို့ဆိုရင် ဗြိတိန်ဆေးဝါးကြီးကြပ်သူတွေပေါ်မှာ မူတည်ပါတယ်။

ဆေးဝါးနှင့် ကျန်းမာရေး

စောင့်ရှောက်မှု ကြီးကြပ်ရေးအေဂျင်စီဟာ ဥရောပသမဂ္ဂအတွက် ဆေးဝါးတွေကို အကဲဖြတ်တဲ့နေရာမှာ ခေါင်းဆောင်နေရာကနေ ကာလရှည်ကြာဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အခုအချိန်ခါမှာ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ကြီးကနေ ထွက်လိုက်ပြီဖြစ်တာကြောင့် အဖွဲ့အစည်းအနေနဲ့ ပိုပြီး အမှီအခို ကင်းကင်းနဲ့ လုပ်ကိုင်ဆောင်ရွက်လာနိုင်ပါတယ်။

ပြည်တွင်းထုတ်ဆေးဝါး

302 Astra Zeneca morzucao အတွက် အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ရေး ခွင့်ပြုချက်ပေးဖို့ဆိုရင်လည်း အေဂျင်စီမှာပဲ တာဝန်ရှိနေပါတယ်။ အဲဒီ ကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်ကနေ ထုတ်လုပ်တာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ဆေးဝါးပါ။ ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံအတွက် သိပ္ပံစွမ်းပကားကို ထုတ်ပြနိုင်တဲ့ လွှမ်းမိုးမှုတစ်ခုလည်း ဖြစ်ပါတယ်။ Astra Zeneca ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုပြီး ကုမ္ပဏီဘက်က ပြောကြားချက်ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အကျိုးသက်ရောက်မှုရှိပါ့မလား

ဒါပေမယ့်လည်း ဆေးပမာဏနဲ့ ပတ်သက်ပြီး စမ်းသပ်စဉ်က မှားယွင်းခဲ့တာကို ကုမ္ပဏီဘက်က ဝန်ခံခဲ့ပါတယ်။ ပထမတစ်ကြိမ်မှာ ဆေးပမာဏကို မှားယွင်းပြီး တစ်ဝက်သာပေးပြီး နောက်တစ်လအကြာမှာ ဆေးပမာဏ အပြည့်ပေးထားခြင်းခံရတဲ့ စေတနာ့ဝန်ထမ်းတွေမှာ ၉၀ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိတာကို တွေ့ရပြီး နှစ်ကြိမ်စလုံး ဆေးပမာဏအပြည့်ပေးထားတဲ့ လူတွေမှာတော့ ၆၂ ရာခိုင်နှုန်းမှာ အစွမ်းထက်တာကို တွေ့ရပါတယ်။ ဆေးပမာဏ နည်းနည်းပဲ အပေးခံရတဲ့အုပ်စုမှာ အသက် ၅၅ နှစ်နဲ့ လူငယ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုအလွယ်ဆုံးဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေမှာရော ဒီဆေးဟာ အကျိုးသက်ရောက်မှု ရှိပါ့မလားဆိုပြီး ဖြစ်လာပါတယ်။

အရှိန်အဟုန်မြှင့်လုပ်ဆောင်

အမေရိကန်ပြည်ထောင်စုမှာတော့ Astra Zeneca ကာကွယ်ဆေးကို သန်း ၃၀ဝ အထိမှာ ယူထားပေမယ့် အဲဒီဆေးဝါးအတွက် ကြီးကြပ်မှုလုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းထားပါတယ်။ အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ရဖို့ အမေရိကန် အစားသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဆီကနေ လမ်းညွှန်မှုတွေ ခံယူသွားမယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။ ကာကွယ်ဆေးသန်း ၁၀ဝ မှာယူထားတဲ့ ဗြိတိန်နိုင်ငံမှာတော့ ကာကွယ်ဆေး အတွက် ဆေးဝါးကြီးကြပ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဆေးပမာဏ မှားယွင်းမှုနဲ့ပတ်သက်ပြီး အောက်စဖို့ဒ်က သိပ္ပံပညာရှင်တွေ တွေ့ရှိပြီးတဲ့နောက်မှာ ဗြိတန်ဆေးဝါးအေဂျင်စီက စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ မီးစိမ်းပြခဲ့ပါတယ်။

မတူညီကြ

ကာကွယ်ဆေးအတွက် ကြီးကြပ်မှုတွေ လုပ်ဆောင်တဲ့အခါ ဗြိတိန်နဲ့ အမေရိကန်တို့ဟာ မတူညီကြပါဘူးလို့ လန်ဒန်ဘုရင့်ကောလိပ် ဆေးဘက်ဆိုင်ရာ ဧည့်ပါမောက္ခ ဒေါက်တာ ပန်းနီဝေါ့ဒ်က ပြောပါတယ်။ အမေရိကန်မှာ ဆေးဝါးကြီးကြပ်ထိန်းသိမ်း သူအဖွဲ့အစည်းဟာ ကာကွယ်ဆေး ထုတ်လုပ်သူတွေဆီကနေ အချက်အလက် အကြမ်းတွေကို တောင်းပါတယ်။ ကုမ္ပဏီရဲ့ ရလဒ်တွေဟာ ခိုင်မာမှု ရှိ မရှိကို အက်ဖ်ဒီအေက စစ်ဆေးပါတယ်။ ဗြိတိန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေမှာတော့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ကုမ္ပဏီဘက်က ပေးတဲ့အချက် အလက်တွေကို ပိုပြီးမှီခိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အားသာချက်များ

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် နေ့စဉ် လူတွေရာနဲ့ချီပြီး သေဆုံးနေပါတယ်။ ဆေးရုံတွေမှာလည်း မနိုင်ဝန်ထမ်းနေရသလို ဝန်ပိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ Astra Zeneca က ထုတ်တဲ့ ကာကွယ်ဆေး အတွက် စဉ်းစားပေးဖို့ အချိန်ကောင်းပါပဲ။ ဒီဆေးရဲ့ အားသာချက်တွေကတော့ ဈေးချို သာတယ်၊ အများကြီး ထုတ်လုပ်လို့ရတယ်။ အခြားသော ကာကွယ်ဆေးတွေဖြစ်တဲ့ ဖိုက်ဇာနဲ့ မိုဒါနားတို့နဲ့မတူတာက Astra Zeneca ကို ပုံမှန်ရေခဲသေတ္တာမှာပဲ လပေါင်းများစွာ သိမ်းဆည်းထားလို့ရတယ်။ “ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ရောဂါ အတွက် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးဖို့ဆိုရင် ကာကွယ်ဆေးတစ်ခုဟာ အလွန့်အလွန် အစွမ်းထက်နေဖို့ မလိုပါဘူး။ ရာသီတုပ်ကွေးဆေးတွေမှာဆိုရင်လည်း အကျိုး သက်ရောက်မှုတွေမှာ ခြားနားမှုတွေရှိနေပေမယ့် အသုံးဝင်နေတာကိုတွေ့နေရ တာ ပဲ လို့ ဒေါက်တာဒေါ့ဒ်ကပြောပါတယ်။

သေချာမသိရသေး

အခုဆိုရင် ဗြိတိန်နိုင်ငံဟာ ဥရောပ သမဂ္ဂအဖွဲ့ကြီးမှာလည်း ပါဝင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် ဥရောပသမဂ္ဂရဲ့ ဆေးဝါး ကြီးကြပ်ရေးအေဂျင်စီအပေါ် မှီခိုနေစရာလည်း မလိုတော့ပါဘူး။ ဗြိတိန်အစိုးရဟာ အရန်အစီအစဉ် အနေနဲ့ အလားအလာကောင်းတဲ့ ကာကွယ်ဆေး ခုနစ်မျိုးကနေ ဆေးအရေအတွက် ၃၅၅ သန်းအထိ ကြိုတင်မှာယူထားပါတယ်။ ဖိုက်ဇာနဲ့ Astra Zeneca ဆေးတို့မှာ ဘယ်ဆေးကို အရင်ခွင့်ပြုချက် ပေးမလဲဆိုကတော့ သေချာမသိရသေးပါဘူး။ ။

ခြူးစန္ဒီနွေး

ကိုးကား - နယူးယောက်တိုင်းမ်