မနီလာ ၂၆ မေ
ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် ကာကွယ်ဆေးမရမချင်း ကျောင်းသားများကို ကျောင်းသို့ပြန်တက်ခွင့်ပေးမည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားခဲ့သည်။ နိုင်ငံအချို့တွင် ကျောင်းများပြန်ဖွင့်ပြီး လူကိုယ်တိုင်သင်ကြားမှုများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ဖိလစ်ပိုင် သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါ ကူးစက်မှုစတင် ဖြစ်ပွားခဲ့ပြီးနောက် မတ်လတွင် မူလ တန်းနှင့်အလယ်တန်းကျောင်းများကို ပိတ်ထားခဲ့ပြီးနောက် ဩဂုတ်လ ကုန်ခန့်တွင် ကျောင်းသားများကို ကျောင်းသို့ ပြန်လည်တက်ရောက်ခွင့် ပြုရန် မူလက စီစဉ်ထားခဲ့သည်။ သို့ရာတွင် မေ ၂၅ ရက်နှောင်းပိုင်းက မိန့်ခွန်းပြောကြားခဲ့မှုအတွင်း သမ္မတ ဒူတာတေးက လက်ရှိအခြေအနေ တွင် ကျောင်းများ ပြန်ဖွင့်ရန်မှာ လွန်စွာ အန္တရာယ်ကြီးကြောင်းနှင့် ကျောင်းသားများ ဘေးကင်းမည်ဟု အာမမခံနိုင်ကြောင်း သမ္မတက ပြောသည်။
ကာကွယ်ဆေးရရှိမှုက နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ပြီး ကာကွယ် ဆေးရရှိပြီးနောက် အရာရာအဆင်ပြေ လိမ့်မည်ဖြစ်ကြောင်း၊ အကယ်၍ တစ်ယောက်မျှ ဘွဲ့မရခဲ့လျှင်လည်း မတတ်နိုင်ကြောင်း ၎င်းကပြောကြား ခဲ့သည်။
ကိုဗစ်-၁၉ အတွက် ကာကွယ် ဆေးရရှိရန် တစ်ကမ္ဘာလုံးမှသုတေသန ပညာရှင်များက အသည်းအသန် ကြိုးပမ်းနေကြသော်လည်း မည်သည့် နိုင်ငံက ကာကွယ်ဆေးကိုဦးစွာတီထွင် ဖော်ထုတ်နိုင်ပြီး အမြောက်အမြား ထုတ်လုပ်ဖြန့်ချိနိုင်မည်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ ဖိလစ်ပိုင်နိုင်ငံ၌ အများပြည်သူစာသင်ကျောင်းများကို ပုံမှန်အားဖြင့် ဇွန်လမှ ဧပြီလအထိ ဖွင့်လှစ်သင်ကြားသော်လည်း ရောဂါ ကူးစက်မှုမြင့်တက်နေသည့် အခြေ အနေကြောင့် အာဏာပိုင်များက ကျောင်းများကို ဆက်လက်ပိတ်ထားကာ တစ်နိုင်ငံလုံးကို အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု တင်းကျပ်စွာ ချမှတ်ထားသည်။
အေအက်ဖ်ပီ