နေပြည်တော်၊ အောက်တိုဘာ ၁၆

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ခုတင်-၁၀၀၀) ဆေးရုံဝင်း အတွင်းရှိ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ သူနာပြုသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား/ သင်တန်းသူများကို တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား/ သင်တန်းသူများ၏ စားသောက်ရေးကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းသား/  သင်တန်းသူများအနေဖြင့် သင်တန်းကာလ ပြီးဆုံးသည့်အခါတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိပါကြောင်း၊အလုပ်ဝင်ရောက်ပြီးပါကလည်း ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီတာဝန်ကျစရိတ်၊ နိုင်ငံတော်မှ ထောက်ပံ့ပေးငွေ စသည်ဖြင့် ဝန်ထမ်းသက်သာချောင်ချိ ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြုများ၏ ဘဝတက်လမ်းနှင့် ရာထူးတိုးမြှင့်ရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်များရှိပါကြောင်း၊ ယခုသင်တန်း ကာလအတွင်းတွင် ကြိုးစား၍ လေ့လာသင်ကြားကြစေလိုပါကြောင်း၊ မိမိတို့သင်တန်းကျောင်းမှ ရရှိထားသည့် ကောင်းမွန်သည့်အတွေ့အကြုံများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမှကင်းကွာနေသည့် မိတ်ဆွေ သူငယ်ချင်းများထံ တစ်ဆင့်မျှဝေပြောကြားပေးကြရန်ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက နိုင်ငံတော်တာဝန်ကို သင်တန်းစတင် တက်ရောက်စဉ်က ရေးထိုးထားသည့် ဝန်ခံကတိစာချုပ်အတိုင်း ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများသည် ပြည်သူတို့ အတွက် မရှိမဖြစ်ဝန်ထမ်းများဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် သင်တန်းသား/ သင်တန်းသူ များ စားသောက်ရေးအဆင်ပြေစေရေးအတွက် သင်တန်းပြီးဆုံးသည်အထိ ဆန်နှင့်ဆီများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းသဘောသဘာဝအရ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များအလိုက် ပေါင်းစပ်၍ ဆောင်ရွက်ရပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည်မရှိမဖြစ် အရေးပါသည်ဖြစ်၍ သင်ကြားပေးသည့် ပညာရပ်များကို ကြိုးပမ်း၍ သင်ကြားကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်းရှိ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တိုးချဲ့ထမင်းစားဆောင်၊ ပုံသဏ္ဍာန်တူ သင်ကြားလေ့ကျင့်ရာဌာန(Skill lab)တို့ကို ကြည့်ရှု၍ လိုအပ်သည်များ ကို မှာကြားဖြည့်ဆည်းပေးသည်။ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအောက်ရှိ သူနာပြု/သားဖွား ၃၁ ကျောင်းကို အောက်တိုဘာ ၇ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ သူနာပြု တတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၇၈၁) ဦး တက်ရောက်လျက်ရှိပြီး နေပြည်တော်သူနာပြု/ သားဖွားသင်တန်းကျောင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့မှ  သင်တန်းသားသင်တန်းသူ ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဇမ္ဗူသိရီမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ QR Code ပါဝင်သော ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းကဒ်များ ထုတ်ပေး နေမှုနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးပါက ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS)တွင် စာရင်းသွင်းဖြည့်ဆည်းနေမှုများကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် ကာကွယ်ဆေး ထိုးနှံမှုခံယူလာသူ မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးသည်။

 

ထို့နောက် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို ဆက်လက်ကြည့်ရှုအားပေးရာ၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူများကို ဦးစားပေးထိုးနှံ၍ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည့်အခါမှသာ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အသက်အုပ်စုများကို တိုးချဲ့ထိုးနှံပေးခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် ကျောင်းအမှန်တကယ် တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ဘေးကင်း စိတ်ချစွာ ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ကျောင်းများမှတစ်ဆင့် အစုလိုက် အပြုံလိုက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယခုအချိန်တွင် ကျောင်းတက်ရောက်မည့်  ကျောင်းသား/ကျောင်းသူများကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းသို့ အမှန်တကယ် တက်ရောက်လာသည့်အခါ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးလွှမ်းခြုံမှုများ မြင့်မားစွာရရှိလာသည့်အခါတွင် အဆိုပါ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိသူ မည်သူကိုမဆို ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာကွယ်ဆေးထိုးနှံခြင်း လာရောက်ခံယူနေသူ ကျောင်းသား/ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေသည့်အဖွဲ့များမှ တင်ပြချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)