တောင်ကြီး ၂၀ မေ
ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံသည့် ဗထူးတပ်မြို့ ကန်တော်မင်မြေ (၁၀၆၃၄.၉၅၆) ဧက အား တောင်ကြီးခရိုင် ကော်လိတ္တော်အရာရှိထံ လာရောက်အပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က စွန့်လွှတ်မြေများကို သက်ဆိုင်ရာဌာနမှ ကော်လိတ္တော်အရာရှိထံ လုပ်ထုံးလုပ်နည်းအရ အပ်နှံခြင်းဖြစ်ကြောင်းနှင့် အဆိုပါမြေများကို သက်ဆိုင်သူများထံရောက်ရှိရန်အတွက် ပုံစံ(၃) အထောက်အထားမျိုး ပြုစုထားခြင်း၊ စွန့်လွှတ်မြေများအား သက်ဆိုင်ရာသူထံရောက်ရှိရန် ခရိုင်/မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ယနေ့အပ်နှံသည့် ဗထူးတပ်မြို့ ကန်တော်မင်မြေ (၁၀၆၃၄.၉၅၆)ဧကအား တောင်ကြီးခရိုင် ကော်လိတ္တော်အရာရှိထံ လာရောက်လွှဲပြောင်းခြင်းဖြစ်ကြောင်း၊ ကန်တော်မင်အက်ဥပဒေကို ၁၉၆၂ ခုနှစ်တွင် မြေဧက (၄၄၀ဝ၀)ကျော်ကို ဥပဒေအရ ဖွဲ့စည်းခဲ့ပြီး၊ လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၈ တွင် (၁၀၆၃၄.၉၅၆)ဧကအား သက်ဆိုင်ရာဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမြေ (၅၁၈၄.၇၀)ဧကရှိပြီး ၎င်းမြေဧရိယာအတွင်း ပုံစံ(၃)လျှောက်ထားသည့် တောင်သူပေါင်း (၁၁၁၉)ဦး၊ ဦးပိုင်ပေါင်း (၁၄၄၇)ဦးပိုင်တို့အား ပုံစံ(၃) လျှောက်လွှာများနှင့်အတူ ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်နေ့တွင် ပြည်နယ်မြေစစ်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ကျေးရွာ(၂၇)ရွာ၏ သစ်တောမြေ၊ လမ်း/ချောင်းမြေ၊ ရပ်ကွက်အစိတ်အပိုင်း မြေများလည်း ပါဝင်ကြောင်း၊ တောင်သူလယ်သမားများ၏ လက်ဝယ်သို့ တရားဝင် ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန တပ်နယ်မှူးရုံး ဗထူးတပ်နယ်မှ ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှူးကြီး မင်းလတ်က စွန့်လွှတ်မြေနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ ဗထူးတပ်မြို့ ကန်တော်မင်မြေ (၁၀၆၃၄.၉၅၆)ဧကအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်ထံ လာရောက်အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မောင်မောင်သန်း(တောင်ကြီး)


