နေပြည်တော် ၁၃ စက်တင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်က “ကာကွယ်ရေးဝန်ကြီးဌာနမှ သိမ်းယူထားသော မွန်ပြည်နယ်၊ မော်လမြိုင်ပညာရေးကောလိပ်၏ ကျောင်းပိုင်မြေဧရိယာ (၄.၇၆၆)ဧကအား ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ရာအဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မန္တလေးရပ်ကွက်၊ အုပ်စုအမှတ် (၁၂)၊ အကွက်အမှတ် (၃၄)၊ ဦးပိုင်အမှတ် (၁/က)ရှိ မြေ ၈.၈၁၅ဧက၊ ဦးပိုင်အမှတ် (၂)ရှိ မြေ ဝ.၉၅၇ဧက၊ ဦးပိုင်အမှတ် (၄/ခ)ရှိ မြေ ၂.၁၂ဧကနှင့် မြေ ၁.၁၅၈ဧက၊ အကွက်အမှတ် (၃၅)၊ ဦးပိုင်အမှတ် (၁)ရှိ မြေ ဝ.၄၂၀ဧက၊ ဦးပိုင်အမှတ် (၂)ရှိ မြေ ဝ.၄၁၈ဧက၊ ဦးပိုင်အမှတ် (၇-ခ)ရှိ မြေ ၁.ဝ၇၀ဧက၊ စုစုပေါင်းမြေဧရိယာ ၁၄.၉၅၈ဧကအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်ဖြင့် မြေသိမ်းဆည်းရေးဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်စွဲပါစာအမှတ်၊ ၅၀ဝ/၂-၃၀/ပဝတ(မွန်) ဖြင့် ကန့်ကွက်ရန်မရှိကြောင်း သဘောတူညီခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၈ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်စွဲပါစာအမှတ်၊ ၂၀ဝ/၂-၅/ဦး၁ဖြင့် မြေသိမ်းဆည်းရေး အမိန့်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါ မြေဧရိယာများအား သိမ်းဆည်းရေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေဧရိယာ ၁.ဝ၇၀ဧကအား ၁၉၉၄ခုနှစ်၊ ဇူလိုင်လ ၂၆ရက်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနပိုင် မြေဧရိယာ ၁.၁၅၈ဧကအား ၁၉၉၆ခုနှစ်၊ အောက်တိုဘာလ ၄ရက် တွင်လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနပိုင် မြေဧရိယာ ၁.၃၇၇ဧကအား ၁၉၉၅ခုနှစ်၊ အောက်တိုဘာ ၂၁ရက်တွင်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြေဧရိယာ ၂.၅၃၈ဧကအား ၁၉၉၆ခုနှစ်၊ ဩဂုတ်လ ၁၂ရက်တွင်လည်းကောင်း၊ သစ်တောရေးရာဝန်ကြီးဌာနပိုင် မြေဧရိယာ ၈.၈၁၅ဧကအား သစ်တောဦးစီးဌာန၊ မွန်ပြည်နယ်မှ ၁၉၉၆ခုနှစ်၊ ဩဂုတ်လ ၂၆ရက် တွင်လည်းကောင်း၊ စုစုပေါင်းမြေဧရိယာ ၁၄.၉၅၈ဧကအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တပ်ပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် သဘောတူသဖြင့် စနစ်တကျလွှဲပြောင်းပေးသွားရန် ညွှန်ကြားချက်များအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်း/လက်ခံရေးအဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ထိုကဲ့သို့ ညွှန်ကြားချက်များအရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဆရာအတတ်သင်သိပ္ပံ ကျောင်းအုပ်ကြီး ဦးခိုင်စိုး ဦးစီးသည့် မြေလွှဲပြောင်းပေးရေးအဖွဲ့မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ ၄ရက်တွင် ပညာရေးဝန်ကြီးဌာနပိုင် မြေဧရိယာ ၁.၁၅၈ ဧကအား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မော်လမြိုင်ပညာရေးကောလိပ်၏ ကျောင်းပိုင်မြေဧရိယာ ၄.၇၆၆ ဧကအား ပြန်လည်လွှဲပြောင်းပေးရန် ဟု ဖော်ပြပါရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အမှန်တကယ်ပိုင်ဆိုင်သည့်မြေမှာ ၁.၁၅၈ဧကသာရှိပြီး ကျန် ၃.၆၀၈ဧက မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့်မြေဧရိယာ ၂.၅၃၈ဧကနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့်မြေဧရိယာ ၁.ဝ၇၀ဧကတို့ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ မော်လမြိုင်ပညာရေးကောလိပ်မှ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားသည့် မြေဧရိယာ ၁.၁၅၈ဧက သာရှိသော်လည်း မြေဧရိယာ ၃.၆၀၈ဧကအား ပိုမိုတင်ပြတောင်းခံထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့်များရရှိပြီးဖြစ်ခြင်းနှင့် အနာဂတ်စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ထိန်းသိမ်းထားသည့်မြေဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
MDN


