ကိုရင်သြ - ရေးသားသည်
တရုတ်နှင့် ရုရှားနိုင်ငံတို့အကြား မဟာဗျူဟာမြောက်ဆက်ဆံရေးတည်ရှိမှု ပြယုဂ်တစ်ခုအဖြစ် နှစ်နိုင်ငံ သွယ်တန်းထားရှိသော ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို မကြာသေးမီက ဖွင့်လှစ်လိုက်သည်ဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှု ရသောအခါ စီးပွားရေးတည်ဆောက်မှုတွင် အရေးပါသော စွမ်းအင်အပေါ် အခြေပြုသည့် နိုင်ငံတကာဆက်ဆံရေးဗျူဟာအပြောင်းအလဲများကို စေ့ငု လေ့လာမိလေ၏။
ရုရှား၏ မဟာစီမံကိန်းကြီးတစ်ခုအဖြစ် ထီးထီးမားမားပေါ်ပေါက် လာသော ဓာတ်ငွေ့ပိုက်လိုင်းမှာ ကီလိုမီတာ ၈၁၀၀ (မိုင် ၅၀၀၀) ရှည်လျားပြီး ၂၀၂၄ ခုနှစ်ထက်နောက်မကျဘဲ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၈ ဘီလီယံအထိ ပေးမပို့နိုင်မည်ဆို၏။
သွယ်တန်းလျက်ရှိ
ရုရှားနိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကုမ္ပဏီကြီးဖြစ်သော ဂက်ဇ်ပရွမ်ကုမ္ပဏီ က တာဝန်ယူသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို “တရုတ်-ရုရှား အရှေ့ဘက် လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း”ဟု အမည်ပေးထားသည်။ ရုရှား နိုင်ငံအနောက်ပိုင်း ဆိုက်ဘေးရီးယားဒေသမှအစပြုသော ယင်းပိုက်လိုင်းသည် ရုရှားဖက်ဒရေးရှင်းရှိ ယာကူရှားဒေသမှသည် ရုရှားနိုင်ငံအရှေ့ဖျားရှိခါဘာရော့ မြို့ကိုဖြတ်သန်း၍ ထိုမှတစ်ဖန် ဗလာဒီဗော့စတော့မြို့မှသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းသို့ သွယ်တန်းလျက်ရှိသည်။
အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ ရန်ပုံငွေကျခံသုံးစွဲကာ တည်ဆောက်ထားသော ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ဆိုဗီယက် ပြည်ထောင်စုပြိုကွဲပြီးချိန်နောက်ပိုင်း ရုရှားနိုင်ငံ၏ အရေးအပါဆုံး စွမ်းအင် စီမံကိန်းကြီးဖြစ်သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ၂၀၁၄ ခုနှစ်က ရရှိခဲ့ သော ဒေါ်လာ ဘီလီယံ ၄၀၀ တန်ဖိုးရှိ စွမ်းအင်မဟာစီမံကိန်းကြီး၏ တစ်စိတ် တစ်ဒေသအဖြစ် ဆိုက်ဘေးရီးယားရေနံပိုက်လိုင်းကို တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ရုရှားနိုင်ငံပိုင် ဂက်ဇ်ပရွမ်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့အကြား ထိုစဉ်ကချုပ်ဆိုခဲ့ကြသော သဘောတူညီချက် အရ နှစ်ပေါင်း ၃၀ ကြာမျှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၈ ဘီလီယံအထိ ထောက်ပံ့ပေးရန်ဖြစ်သည်။
မဟာစီမံကိန်း
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အနောက်အုပ်စုက ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့ရာ ဘေးကျပ် နံကျပ်အနေအထားကို ဖြေလျှော့ နိုင်ရေး ကြိုးပမ်းချက်အဖြစ် ရုရှားက ဆိုက်ဘေးရီးယားဒေသအခြေပြု စွမ်းအင် စီမံကိန်းကို မဟာစီမံကိန်းကြီးတစ်ရပ်အဖြစ် အကောင်အထည်ဖော် လျက်ရှိလေသည်။
ဆိုက်ဘေးရီးယားဓာတ်ငွေ့ပိုက်လိုင်းကြီး စတင်အသက်ဝင်မည့်နေ့ရက်ကို ကာလကြာရှည်စောင့်ဆိုင်းခဲ့ကြ ပြီးနောက် ဒီဇင်ဘာ ၂ ရက်က ပထမဆုံး အကြိမ် ဓာတ်ငွေ့ ပေးပို့မှုကို စတင်နိုင်ခဲ့လေသည်။ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယား ဒေသကို ရုရှားက ယင်း၏နယ်မြေပိုင်နက်နှင့် ချိတ်ဆက်လိုက်ပြီးနောက် အနောက်အုပ်စုက ရုရှား အပေါ် စီးပွားရေးပိတ်ဆို့မှုများဖြင့် တုံ့ပြန်ခဲ့သည်။ ဤသို့လျှင် ရုရှားသည် ဥရောပသမဂ္ဂနှင့် ကွင်းစိမ်းသွားခဲ့ရပြီး စွမ်းအင်လိုအပ် ချက်မြင့်မားနေသော ကမ္ဘာ့အရှေ့ခြမ်းသို့ ဦးလှည့်မျက်နှာမူလာသည်။
ဥရောပတိုက်၏ စွမ်းအင်လုပ်ငန်းဈေးကွက်မှာ တစ်စစကျဆင်းလာနေပုံ ရပြီး စွမ်းအင်လုပ်ငန်းမှ ဝင်ငွေတိုးရေး အလေးပေးလာနေသော ရုရှားမှာ ကမ္ဘာ့အရှေ့ဘက်သို့ တူရူပြုလာသည်။ ရုရှားသည် ဥရောပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးနွေးထွေးမှု လျော့ပါးလာနေပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍကို အလေးကဲလာသော ဥရောပတိုက်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများ ကျဆင်းလာနေသည်ကို တွေ့မြင်ကြရ၏။
မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့သည့်လုပ်ငန်းကို စတင်လိုက်ချိန်မှာပင် ရုရှားနိုင်ငံ အနေဖြင့် ဂျာမနီနိုင်ငံသို့ လည်းကောင်း၊ တူရကီနှင့် ဥရောပတောင်ပိုင်းသို့လည်းကောင်း ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း များကို အကောင်အထည်ဖော်ရန် ဟန်ပြင်လျက်ရှိနေသည်။ ရုရှားဖက်ဒရေးရှင်းရှိ ဗွီအေ့ဒေသမှသည် ဂျာမနီနိုင်ငံရှိ ဂရစ်ဘေးဒေသသို့ သွယ်တန်းမည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို အကောင် အထည်ဖော်ရန် စီမံကိန်းရေးဆွဲထားသည်။
ပင်လယ်ရေအောက်တွင်တည်ရှိမည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ ၁၂၂၅ ကီလိုမီတာ(မိုင်ပေါင်း ၇၆၀) ရှည်လျားမည်ဖြစ်ကာ ဥရောပတိုက်ကိုဖြတ်သန်း၍ တည်ရှိမည်ဖြစ်သည်။ သို့ရာတွင် ယင်းပိုက်လိုင်းစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံများ အတွင်း အငြင်းပွားပြောဆိုစရာ ဖြစ်ခဲ့ရသည်။ ဥရောပတိုက်သို့ ရုရှားက ဓာတ်ငွေ့ တင်ပို့ခြင်းဖြင့် ယင်းနိုင်ငံ၏သြဇာအာဏာ ဒေသတွင်းနိုင်ငံများအပေါ် ဖြန့်ကြက် နိုင်ရန် ရည်ရွယ်ထားသည်ဟု ယူကရိန်းနိုင်ငံက သတိပေးပြောကြားခဲ့သည်။
ဘူမိနိုင်ငံရေးပြဿနာ
အဆိုပါပိုက်လိုင်းစီမံကိန်းသည် စွမ်းအင်ဖူလုံရေးကိစ္စမျှသာ မဟုတ်ပါ။ ဘူမိနိုင်ငံရေးပြဿနာကို ဖြစ်စေနိုင်ပါသည်ဟု ယူကရိန်းသမ္မတ ဇယ်လင်းစကီး က အောက်တိုဘာလနှောင်းပိုင်းတွင် ဝေဖန် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံမှသည် ဂျာမနီနိုင်ငံသို့ပေးပို့မည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ဘောလ်တစ်ပင်လယ်ရေအောက်တွင် တည်ရှိမည်ဖြစ်ပြီး ပိုက်လိုင်းသွယ်တန်း ရေးကိစ္စတွင် နောက်ဆုံးအဖုအထစ်တစ်ခုကို ဖယ်ရှားနိုင်မှုအဖြစ် ဒိန်းမတ်နိုင်ငံက အောက်တိုဘာ ၃၁ ရက်တွင် Nord Stream 2 ဟု အမည်ပေးထားသော ဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်မှုကို ခွင့်ပြုပေးခဲ့သည်။
နောဒစ်နိုင်ငံတစ်နိုင်ငံဖြစ်သော ဒိန်းမတ်နိုင်ငံ စွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ကြေညာချက်အရ ဒိန်းမတ်ပိုင် ရေပိုင်နက်အတွင်း ပိုက်လိုင်းသွယ်တန်းမှု ကို ခွင့်ပြုပေးလိုက်ကြောင်း ဖော်ပြထားသည်။
ရုရှားနိုင်ငံဦးဆောင်သော စွမ်းအင်စီမံကိန်းကြီး အပြီးသတ်နိုင်စေခြင်း မရှိရန် အမေရိကန်က ကြိုးပမ်းချက် များမှာ ဒိန်းမတ်နိုင်ငံ၏ လုပ်ဆောင်ချက်ကြောင့် ပျက်ပြားရတော့သည်။ ရုရှားစွမ်းအင်အပေါ် ဥရောပက မှီခိုအားထားနေမှုကို မြင့်တက်စေနိုင်သည်ဟု ထောက်ပြကာ အမေရိကန်က စွမ်းအင်စီမံကိန်း အထမမြောက် စေရေးအတွက် သတိပေးချက်များ အတန်တန်ထုတ်ပြန်ခဲ့သည်။
ဤသို့လျှင် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လပေါင်း အတန်ကြာမျှကာလအတွင်းမှာပင် ပြီးစီးအောင်သွယ်တန်းနိုင်ရန် လမ်းပွင့်သွားသည်။ ရုရှားသည် ဥရောပသို့ ဓာတ်ငွေ့တင်ပို့ရာတွင် ယူကရိန်း နိုင်ငံကို ကွင်းရှောင်၍ တင်ပို့နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။
နှစ်ဆမြှင့်တင်
Nord stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအရ တည်ဆောက် ရေးလုပ်ငန်းများ ပြုလုပ်နေဆဲဖြစ်သည်။ Nord stream ရေနံပိုက်လိုင်း တည်ရှိရာ နယ်မြေတစ်လျှောက် အတူယှဉ်တွဲတည်ရှိလာမည့် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဓာတ်ငွေ့ တင်ပို့မှုကို နှစ်ဆမြှင့်တင်နိုင်မည် ဖြစ်ကာ တစ်နှစ်လျှင် ကုဗမီတာ ဘီလီယံ ၁၁၀ အထိ ရှိလာမည်ဆို၏။
ဂျာမနီနှင့် ရုရှားတို့၏ စွမ်းအင်စီမံကိန်း အကောင်အထည်ဖော်သူများကမူ ဓာတ်ငွေ့ပိုက်လိုင်းတည်ရှိလာမည့် အရေးနှင့်ပတ်သက်၍ ထောက်ခံပြောဆိုကြသည်။ ဥရောပရှိ ဓာတ်ငွေ့သုံးစွဲသူ ပြည်သူသန်းပေါင်းများစွာတို့မှာ ဓာတ်ငွေ့ကို ဈေးချိုချိုဖြင့် ဝယ်ယူရရှိနိုင်ကြမည်ဟု ဆိုသည်။
၂၀၂၀ ပြည့်နှစ်အစောပိုင်းမှစ၍ ဓာတ်ငွေ့ပိုက်လိုင်းအသက်ဝင်လာမည်ဟု မျှော်လင့်ရသည်။ယူရို ၉ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုရှိသော ဓာတ်ငွေ့ပိုက်လိုင်းကြီးတွင် ပါဝင်ဆောင်ရွက် နေသည့်ကုမ္ပဏီများကို အရေးယူဒဏ်ခတ်မည်ဟု အမေရိကန်အာဏာပိုင်များ ကယခုနှစ် အစောပိုင်းတွင် ခြိမ်းခြောက်ပြောကြားခဲ့သော်လည်း အဆန်မပါသည့် သင်္ကြန်အမြောက်ပမာ အသံသာ မြည်ဟိန်းခဲ့သည်။
ဓာတ်ငွေ့ ပိုက်လိုင်းအပေါ် မှီခိုအားထားခြင်းဖြင့် ဂျာမနီနိုင်ငံအနေဖြင့် မဟာအမှားကြီးတစ်ရပ်ကို ကျူးလွန်ရာ ရောက်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လတွင် သတိပေးခဲ့သေးသည်။ ဒေသတွင်း၏ စွမ်းအင်ထောက်ပံ့ရေးကဏ္ဍအပေါ် ရုရှားက ထိန်းချုပ်နိုင်မည်ဆိုလျှင် ဥရောပရှိ မိမိ၏ မဟာမိတ်နိုင်ငံများ အနေဖြင့် စွမ်းအင်ဖူလုံရေးကိုသာမက အမျိုးသားလုံခြုံရေး ကိုပါ ထိခိုက်စေနိုင်သည်ဟု အမေရိကန်အစိုးရက ထင်မြင်ယူဆသည်ဆို၏။
ရုရှားမှ ဓာတ်ငွေ့ဝယ်ယူခြင်း၏နောက်ကွယ်တွင် နိုင်ငံရေးအရ ထိလွယ် ရှလွယ် သဘောတရားတစ်ရပ် ကိန်းအောင်းနေသည်ဟု ရှုမြင်သူများရှိသည်။ မည်သို့ပင်ဆိုစေ သမ္မတ ပူတင်မှာ ဂျာမနီနိုင်ငံသို့ စွမ်းအင် ထောက်ပံ့ပေးရန်ကြိုးပမ်းမှုတွင် အောင်ပွဲဆင်နိုင်သည်။ ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိလာခြင်းဖြင့် ဥရောပ၏ အကျိုးစီးပွားများ သာလွန်ကောင်းမွန်လာလိမ့်မည်ဟု ၎င်းကဆိုသည်။
ရုရှားသမ္မတ ပူတင်သည်ဥရောပအပြင် အာရှတိုက်အထိ စွမ်းအင်လုပ်ငန်း တိုးချဲ့လာနိုင်မှုအတွက် ထပ်မံ၍အောင်ပွဲခံနိုင်လေပြီ။
သမိုင်းမှတ်တိုင်စိုက်ထူ
ယနေ့သည် ကမ္ဘာ့စွမ်းအင်ဈေးကွက်သာမက ရုရှားနှင့် တရုတ်နိုင်ငံ တို့အတွက်ပါ သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်သော နေ့ရက်ပင်ဖြစ်ကြောင်း သမ္မတ ပူတင်က ဒီဇင်ဘာ ၂ ရက်တွင်ပြုလုပ်သော ဆိုက်ဘေးရီးယား သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ပထမဆုံး အကြိမ်ဓာတ်ငွေ့ ပေးပို့မှုအထိမ်းအမှတ် အခမ်းအနားတွင် ဗီဒီယိုကွန်ဖရင့်ဆက်ကြောင်းမှတစ်ဆင့် မြွက်ကြားခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးချိန်နောက်ပိုင်း ရုရှားနိုင်ငံ၏ အရေးအပါဆုံး စွမ်းအင်စီမံကိန်းကြီး အသက်ဝင် လာမှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ကြိုဆိုခဲ့သည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးကျေးဇူးရရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုစံနမူနာတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားတို့၏ ဆက်ဆံရေး မြင့်မားလာပုံကို ဖော်ကျူးနေပြီး နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုသည် မိမိတို့နှစ်နိုင်ငံအတွက် နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအချက်ဖြစ်ကြောင်း သမ္မတရှီက တုံ့ပြန်မြွက်ကြား ခဲ့သည်။
ရုရှားနှင့် တရုတ်တို့၏ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ( ၈၇ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိ စံချိန်တင် မြင့်တက်လာကြောင်း သမ္မတပူတင်က ပြောကြားသည်။ တစ်နည်းဆိုရလျှင် ဓာတ်ငွေ့ပိုက်လိုင်းအသစ်တည်ရှိလာခြင်းဖြင့် ၂၀၂၄ ခုနှစ်ထက်နောက်မကျဘဲ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ အထိရှိလာမည်ဟု တရုတ် သမ္မတရှီက ပြောကြားခဲ့သည်။
ရုရှားနှင့် တရုတ်တို့၏ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ( ၈၇ ဘီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ဘီလီယံ ၁၀၀ အထိ စံချိန်တင် မြင့်တက်လာကြောင်း သမ္မတပူတင်က ပြောကြားသည်။ တစ်နည်းဆိုရလျှင် ဓာတ်ငွေ့ပိုက်လိုင်းအသစ်တည်ရှိလာခြင်းဖြင့် ၂၀၂၄ ခုနှစ်ထက်နောက်မကျဘဲ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ အထိရှိလာမည်ဟု တရုတ် သမ္မတရှီက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံရော တရုတ်နိုင်ငံပါ အမေရိကန်နှင့် သံတမန်ဆက်ဆံရေး တစ်စစနွေးထွေးမှု ကျဆင်းသွားချိန်တွင် ယင်းနှစ်နိုင်ငံစလုံးက စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးတို့အရ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ဦးတည်လာ သည်ကို တွေ့မြင်ရလေသည်။
ဘတစ်ပြန်ကျားတစ်ပြန်
အမေရိကန်နှင့် တရုတ်အကြား ဘတစ်ပြန်ကျားတစ်ပြန် ဆင်နွှဲလာခဲ့ ကြသော ကုန်သွယ်ရေးစစ်ပွဲကြီး၏ ထွက်ပေါက်အဖြစ် တရုတ်နိုင်ငံသည် ရုရှားနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို တိုးမြှင့်လျက်ရှိသည်။ တရုတ်နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန်တွင် ရုရှား၏ မိတ်ဖက် ပြုဆောင်ရွက်ချက်များသည် အမေရိကန်အတွက် ဆုတ်ယုတ်မှုတစ်ရပ်ဖြစ်နိုင် ပေလိမ့်မည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးစွမ်းအင်လုပ်ငန်းတည်ရှိရာ ရုရှားနိုင်ငံနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် စွမ်းအင်လုံခြုံရေးကို ဦးတည်ရှေးရှုလာသော တရုတ် နိုင်ငံတို့အကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် မြင့်မားလာလိမ့်ဦးမည်ဟု ကျွန်ုပ်တွေးတောမိရင်း “ကာလ၊ ဒေသ၊ ပယောဂ မဟာဗျူဟာသင်္ဂဟ”ဟု ကျူးရင့်မိပါသတည်း။