ရန်ကုန် ဒီဇင်ဘာ ၂၂

 

ကွာလာလမ်ပူမြို့လယ်ခေါင် မြန်မာဆိုင်များရှိရာကုန်တိုက်မှ အထောက်အထားမဲ့သူများအား မလေးရှား တာဝန်ရှိသူများက အင်အားအများအပြားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အခြားနေရာများတွင်လည်း အလားတူ ဖမ်းဆီးမှုများရှိနေကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ကုန်တိုက်တွင် ဖမ်းဆီးခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရေး အဖွဲ့တွင် မလေးရှားမှ အလုပ်သမားဆိုင်ရာ ဌာနပေါင်းစုံပါဝင်ကာ အင်အားအများအပြား သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နိုင်ငံခြားသားအလုပ်သမားကိုမှ အထောက်အထားရှိ ရှိ၊ မရှိရှိ ဖမ်းတာ။ ပြီးမှ အထောက်အထား ရှိရင်တော့ ပြန်လွှတ်မှာပေါ့။ အဲ့ဒီမှာ မြန်မာဆိုင် အများစုရှိတယ်။ မြန်မာလုပ်ငန်းရှင်တွေများတယ်​" မြန်မာလူမူကူညီရေးအသင်း(မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ယခုဖမ်းဆီးခြင်းမှာ အထောက်အထားမဲ့ လုပ်သားများကို ထုတ်ပေးသည် R2K ပါမစ်ကြောင့်ဖြစ်နိုင်ပြီး အဆိုပါ ပါမစ်မှာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အပြင် အတုများလည်းရှိနေသောကြောင့် ယခုကဲ့သို့ ရှောင်တခင် ဝင်ဖမ်းခြင်းဖြစ်နိုင်ကြောင်း ၄င်းကဆိုသည်။


"ပါမစ်လုပ်မယ်ဆို ရင်းဂစ် ခုနှစ်ထောင်ကနေ ကိုးထောင်လောက်အထိ ရှိတယ်။ အခုက ဖမ်းတာက တချို့ဆိုင်ဆို တံခါးတွေပါ ဖျက်ပြီးဝင်တာ။ အထောက်အထားမရှိရင် တရားမဝင် နေထိုင်မှုနဲ့ ဖမ်းမှာပေါ့။ တခြား နေရာတွေမှာလည်း အလားတူဖမ်းတာမျိုးရှိတယ်" ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

မ‌လေးရှားနိုင်ငံ၏ လက်ရှိအ‌ခြေအနေများကြောင့် MOU အလုပ်သမားများမှအပ တရားမဝင် အလုပ်သမားများ မလာရောက်ကြစေလိုကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံ၌ တရားမဝင် ပြည်ပအလုပ်သမားများအား နှစ်စဉ်ဖမ်းဆီးသည့် အချိန်ဖြစ်ကြောင်း လာမည့် ဒီဇင်ဘာ ၃၁ ရက်မှာ မလေးရှားနိုင်ငံ၏ သတ်မှတ်ချက်အရ သက်တမ်း တိုးမည့်ကိစ္စများ ပါမစ်လျှောက်သည့်ကိစ္စများ ပြီးဆုံးမည့်အချိန်လည်း နီးကပ်နေသည့်အတွက် နေရာတိုင်းတွင် အဖမ်းအဆီးများဖြင့် တင်းကျပ်လျက်ရှိကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

သစ်တော်